
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာမြို့ကနေ ထွက်လာတဲ့ အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေက မတ် ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင် ဖမ်းဆီးရရှိထားပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက်ရရှိတယ်လို့ ကသာမြို့နယ် ပကဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကောင်စီတပ်သား အများအပြားလည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ကသာကနေပြီးတော့ နတ်ရေတွင်းဘက်ကို ထွက်တဲ့ စကစအင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ ရန်သူ့အလောင်း ၄ လောင်းနဲ့ သုံ့ပန်း ၃၀ ဝန်းကျင် ဖမ်းမိတာ ရှိပါတယ်၊ လက်နက်ခဲယမ်းတွေကော ရပါတယ်။”
စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မိုးသားတိုက်နယ် ပကဖ၊ ကသာခရိုင် PDF အမှတ် ၁ တပ်ရင်း တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေတဲ့ အင်းတော်မြို့ဘက်ကို စစ်ကူသွားမယ့် စစ်ကြောင်းတွေလို့ ယူဆရကြောင်း ဆိုပါတယ်။
အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ အခိုင်အမာ ခံစစ်ပြုလုပ်ထားတဲ့ မြို့အထွက် တောင်ကုန်းပေါ်က တပ်စခန်းကိုလည်း ဝိုင်းဝန်းပိတ်ဆို့ထားပြီးတော့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။