
ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်ဟာ ကမ္ဘာပေါ်မှာ မီးခိုးမြူနဲ့ လေထုအညစ်ညမ်းဆုံးမြို့အဖြစ် ၂ ရက်ဆက်တိုက်ရှိနေပြီး တောမီးလောင်မှုနဲ့ တောင်ယာမီးရှို့မှုမှာတော့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရှိတယ်လို့ ချင်းမိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ချင်းမိုင်ခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ချင်းမိုင်ရဲ့ လေထု ညစ်ညမ်းမှု PM 2.5 အခြေအနေမှာ မတ် ၁၆ က ၁၆၉ USAQI ရှိခဲ့ပြီး ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံးအဆင့်ကို ရောက်ခဲ့တယ်။
မတ် ၁၇ ရက် မနက်ပိုင်းမှာလည်း လေထုညစ်ညမ်းမှု ၂၀၅ USAQI ရှိပြီး ကမ္ဘာ့လေထုညစ်ညမ်းမှု ဆိုးရွားတဲ့နိုင်ငံ ထိပ်ပိုင်းကို ရောက်နေတယ်လို့ ဆိုပါတယ်။
အခုလိုဖြစ်ရတာဟာ တောမီးလောင်မှုနဲ့ တောင်ယာမီးရှို့မှု (ဟော့တ်စပေါ့တ်) တွေကြောင့် ဖြစ်တယ်၊ ထိုင်းနိုင်ငံ အဆင့်မြင့်သိပ္ပံပညာသုတေသနနဲ့ ဆန်းသစ်တီထွင်မှုဌာန GISTDA က Suomi NPP ဂြိုဟ်တု၊ VIIRS စနစ်နဲ့ အခြားဂြိုဟ်တုတို့ မတ် ၁၅ ရက် တွေ့ရှိချက်အရ ထိုင်းနိုင်ငံမှာ ဟော့တ်စပေါ့တ် နေရာပေါင်း ၁၂၈၈ နေရာရှိပြီး အိမ်နီးချင်းနိုင်ငံတွေမှာတော့ မြန်မာနိုင်ငံက ၉၉၄၉ နေရာနဲ့ အများဆုံး၊ အဲဒီနောက် လာအိုနိုင်ငံမှာ ၂၀၂၃ နေရာ၊ ကမ္ဘောဒီးယားမှာ ၇၀၇ နေရာ၊ ဗီယက်နမ်မှာ ၅၅၀ နေရာ၊ မလေးရှားမှာ ၁၃ နေရာ တွေ့ရှိတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာတော့ ချင်းမိုင်ခရိုင်က ဟော့တ်စပေါ့တ် ၁၆၃ နေရာရှိပြီး ဟွတ်မြို့နယ်က အများဆုံး ၈၃ နေရာတွေ့ရှိတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေက တောမီးလောင်ရာ နေရာတွေကို လိုက်လံ ငြှိမ်းသတ်နေတာမှာ အချို့နေရာတွေမှာ မြေပြင်ကနေ ဝင်ရောက်ငြှိမ်းသတ်ဖို့ ခက်ခဲတာကြောင့် ဟယ်လီကော်ပတာနဲ့ ဝေဟင်ကနေ ငြှိမ်းသတ်နေရတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
ကိုးကား - Chiangmai News / CH3 TV News










