
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်က ၁၀၁ မိုင်အနီးက စစ်ကောင်စီရဲ့ ဆင်ဇလုပ် ဂိတ်စခန်းကို မတ် ၁၄ ရက် ည ၁၂ နာရီကျော်လောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးတာဝန်ခံဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ဆင်ဇလုပ်ဂိတ်စခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်ရေးတာဝန်ခံ ရဲဘော်မင်းခေါင်က “၁၀၁ ဆင်ဇလုပ်ဂိတ် စစ်ဆေးရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေ၊ ၃ ဦး ဒဏ်ရာရရှိသွားတယ်။ ပြည်သူတွေအနေနဲ့ ၁ မိနစ်ခွဲအချိန်အတွင်း ကား ၃ စီးလောက် အမြန်လမ်းကို ဖြတ်သန်းသွားလာနေတာကြောင့် စစ်ဆင်ရေးကို ၇၀ ရာခိုင်နှုန်းလောက်သာ ဖော်ဆောင်နိုင်ခဲ့တယ်” လို့ DVB ကို ပြောပါတယ်။
စစ်ဆင်ရေးက တောက်လျှောက်ဖော်ဆောင်သွားမှာဖြစ်လို့ ခရီးသွားယာဉ်တွေကို သတိပေးထားပါတယ်။
အဆိုပါ ဆင်ဇလုပ်ဂိတ်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကို DVB က သီးခြား အတည်မပြုနိုင်သေးပါဘူး။
အဲဒီတိုက်ခိုက်မှုကို အမှတ် ၂၂ ဗျူဟာ၊ ၃၇၀၁ ဒုတပ်ရင်း၊ အထူးစစ်ဆင်ရေးအဖွဲ့နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ပကဖ ခွဲ ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။