DVB Logo
Home
မြန်မာသတင်း
အုတ်ဖိုမြို့နယ် ပဲခူးရိုးမ၌ တိုက်ပွဲဖြစ်လာနိုင်သဖြင့် PDF က သွားလာခွင့် ယာယီပိတ်ပင်
DVB
·
March 17, 2025
အုတ်ဖိုမြို့နယ် ပဲခူးရိုးမ၌ တိုက်ပွဲဖြစ်လာနိုင်သဖြင့် PDF က သွားလာခွင့် ယာယီပိတ်ပင်
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်ထဲက ပဲခူးရိုးမအတွင်း ပြည်သူတွေအနေနဲ့ ခရီးသွားလာ တွေ မပြုလုပ်ကြဖို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) က မတ် ၁၆ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့အပိုင်နယ်မြေ ဖြစ်တဲ့ အုတ်ဖိုမြို့နယ်ထဲက ပဲခူးရိုးမထဲကို စကစ ဘက်က စစ်ကြောင်းထိုးနေတာဖြစ်လို့ ထိတွေ့တိုက်ပွဲတွေက အချိန်မရွေး ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် အခုလို တားမြစ်ရတာပါဗျ” လို့ ပြောပါတယ်။

အဆိုပါနယ်မြေအတွင်း ခရီးသွားလာခွင့်ကို မတ် ၁၆ ရက်နေ့က စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး နောက်ထပ် တစုံတရာမထုတ်ပြန်မခြင်း အတည်ဖြစ်တယ်လို့ ဆိုပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ရဲ့ စစ်ရေးတာဝန်ခံ ဗိုလ်တောက်တဲ့ က “တားမြစ်ရတဲ့ အဓိကအချက်က ၂ ချက်ရှိပါတယ်။ ပထမအချက်က တိုက်ပွဲတွေဖြစ်လာရင် မထိခိုက်စေချင်တာကြောင့်ရယ်။ ဒုတိယအချက်က သဘာဝသယံဇာတ သစ်တောထွက်ပစ္စည်း ဖြစ်တဲ့ ကျွန်းသစ်တွေကို တရားမဝင်ခိုးထုတ်နေတာတွေကို ဟန့်တားချင်တာကြောင့် အခုလို ထုတ်ပြန်လိုက်ရတာပါ။ ခရီးသွားပြည်သူတွေဆိုတဲ့အထဲမှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ ကျွဲ နွားတွေကအစ အကျုံးဝင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ဟာ တရားမဝင် သစ်ခိုးထုတ်နေသူတွေဆီကနေ ဆက်ကြေး အပါအဝင် တရားမဝင်ဂိတ်ဖွင့်လှစ်ပြီး ဂိတ်ကြေးတောင်းခံတာတွေ မပြုလုပ်သလို တခြားတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း တရားမဝင် သစ်ထုတ်နေကြသူတွေဆီကနေ ဆက်ကြေးနဲ့ ငွေကြေးတောင်းခံတာတွေ မပြုလုပ်ကြဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလဆန်းပိုင်းကလည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ပဲခူးရိုးမအတွင်းက ကျွန်းနုပင်တွေ ခိုးယူခုတ်ထစ် သယ်ဆောင်နေသူတချို့ကို ဖမ်းဆီးသတိပေးပြီး ကျွန်းနုပင် ၆.၈ တန်ကိုလည်း သိမ်းဆည်းရရှိခဲ့သေးတယ်လို့ သိရပါတယ်။

Photo:  မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013