DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားနှင့် ချင်းတော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး
DVB
·
March 17, 2025
ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားနှင့် ချင်းတော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ရက်ဆက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ပြီး အရှင်ဖမ်းမိထားသူတွေလည်း ရှိသလို ချင်းပူးပေါင်းတပ်ဖွဲ့တွေဘက်က တပ်မဟာမှူး ၁ ဦး နဲ့ PDF ရဲဘော် ၁ ဦးတို့ ကျဆုံးခဲ့ကြတယ်လို့ ချင်းညီနောင်တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNO/CNDF) ရဲ့ ​ပြန်ကြားရေးတာဝန်ခံက “အရင်ရက်ပိုင်းက ၃ ရက်ဆက်တိုက် ဖြစ်ခဲ့တဲ့တိုက်ပွဲထဲမှာ ကျနော်တို့ဘက်က တပ်မဟာမှူး ၁ ယောက် နဲ့ PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်။ သူတို့ စကစဘက်ကတော့ သေတဲ့သူတွေ များသလို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တာတွေလည်း ရှိပါတယ်။ တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေလို့ နောက်မှ သတင်းအတိအကျ ထုတ်ပြန်ပေးပါမယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ မတ် ၁၂ ရက်ကနေ ၁၄ ရက်အထိ သုံးရက်တာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ချင်းညီနောင်တပ်ဖွဲ့ဝင် Chin National Defense Force (CNO/CNDF) တပ်မဟာမှူး Salai John KC နဲ့ ZFU/PDF Zoland က ရဲဘော် ဇမ်းကိမ်းမှုန်း(ခ)မှုန်းပီး တို့ ကျဆုံးခဲ့ရတာဖြစ်ပြီး မတ် ၁၆ ရက်အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ဆိုပါတယ်။

“ဖလမ်းမြို့ တိုက်ပွဲမှာ ကျနော်တို့ဘက်က အသာစီးရထားပါတယ်။ သူတို့ဘက်က အသေအပျောက် များတယ်။ လက်နက်နဲ့အရှင်မိတာတွေရှိတယ်။ စခန်းစွန့်ပြီး ထွက်ပြေးသွားတာတွေ ရှိတယ်။ သူတို့လေကြောင်းကနေလည်း တိုက်ပွဲဖြစ်နေတဲ့နေ့တိုင်း တနေ့ကို ဗုံး ၂၀၊ ၃၀ အမြဲလာကြဲနေတယ်။ ဒါပေမဲ့လည်း မြို့ပေါ်က သူတို့စခန်းအများစုကို သိမ်းထားနိုင်ပြီ။ ခလရ ၂၆၈ ကို သိမ်းဖို့ပဲ ကျန်နေတာပါ” လို့ ချင်းညီနောင်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က DVB ကို ပြောပါတယ်။

ကျဆုံးသွားကြတဲ့ တပ်မဟာမှူး Salai John KC ဟာ တိုက်ပွဲအတွင်းရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဆေးကုသရင်း ကျဆုံးသွားတာဖြစ်ပြီး ZFU/PDF Zoland က ရဲဘော် ဇမ်းကိမ်းမှုန်း(ခ)မှုန်းပီး ကတော့ တိုက်ပွဲအတွင်းမှာပဲ ကျဆုံးခဲ့ရသလို ချင်းတော်လှန်ရေးရဲဘော်တချို့လည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ချင်းညီနောင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေဟာ ဖလမ်းမြို့ကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၉ ရက်ကတည်းက စတင် ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

အဲ့ဒိတိုက်ခိုက်မှုတွေအတွင်း ဖလမ်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲအထိုင်ချနေကြတဲ့ ထွေအုပ်ရုံး၊ ခရိုင်ရဲစခန်း၊ မြို့နယ်ရဲစခန်း၊ ဆောက်လုပ်ရေးရုံးတွေကို ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013