
စစ်ကိုင်းတိုင်း၊ မော်လူးမြို့ကို စစ်အာဏာရှင်တပ်က မေလ ၅ ရက် ဒီနေ့ မနက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်သွားပြီလို့ တော်လှန်ရေးတပ်တွေထံက သိရပါတယ်။
အင်းတော်မြို့နယ်ကို စစ်တပ်က ဧပြီ ၂၉ ရက်က ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် မော်လူးမြို့ဘက်ကို ဆက်လက် စစ်ကြောင်းထိုးလာတာကနေ ဒီနေ့မှာ ပြန်ထိန်းချုပ်သွားတာ ဖြစ်ပါတယ်။
တော်လှန်ရေးရဲဘော် တယောက်က “မော်လူးမြို့ကို စစ်တပ်ဘက်က ပြန်သိမ်းသွားပြီ” လို့ DVB ကို ပြောပါတယ်။
မေ ၂ ရက်ကစလို့ အင်းတော်မြို့ နဘားလမ်းဆုံကနေ မော်လူးမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ပစ်ခတ်တိုက်ခိုတ်လာတာ ဖြစ်ပါတယ်။
အဲဒီလို စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ကြိုတင်တိမ်းရှောင်ထားကြသလို နန်းမကြိုင်း၊ နဘား၊ ကမ်းနီ၊ နန်းရခေါင်၊ ကြံတော၊ နန်းတောင်၊ ကျော်ရွာတွေက ဒေသခံတွေလည်း တိမ်း ရှောင်ကြတာပါ။
မော်လူးမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်သွားပေမဲ့ မြို့အနီးဝန်းကျင်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်အစပ်က မော်လူးမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။










