DVB Logo
Home
မြန်မာသတင်း
အငြိမ်းစား ဂျပန်သံအမတ်ကြီး မြန်မာ့အရေးဟောပြောပွဲ တိုကျိုတွင် ပြုလုပ်
DVB
·
March 16, 2025
အငြိမ်းစား ဂျပန်သံအမတ်ကြီး မြန်မာ့အရေးဟောပြောပွဲ တိုကျိုတွင် ပြုလုပ်
Donate to DVB

၂၀၂၄ စက်တင်ဘာအထိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစားသံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမဟာ မြန်မာအရေးနဲ့ ပတ်သတ်ပြီး ဟောပြောပွဲကို မတ် ၁၆ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့ ဂျိုးဆိုင်းတက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် အထောက်အကူပြုဖို့ ပြုလုပ်တာလို့ ဦးဆောင်ကျင်းပခဲ့တဲ့ JMFA ဥက္ကဋ္ဌ မစ္စတာ ဖူဂျီနဝ ရိုရှိယို (Fujinawa Yoshiro) က ရှင်းပြခဲ့ပါတယ်။ 

ဟောပြောပွဲကို ဂျပန်သတင်းဌာနတွေ၊ ဂျပန်မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ၊ ဂျပန်တက္ကသိုလ်တွေက ပါမောက္ခတွေ၊ မြန်မာ့အရေးလေ့လာနေသော တက္ကသိုလ်ကျောင်းသားတွေ၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေနဲ့ ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားနေသူတွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာစကားကျွမ်းကျင်စွာပြောဆိုနိုင်ကာ နိုင်ငံတော်​ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရင်းနှီးစွာဆက်ဆံရေးရှိခဲ့သူ အငြိမ်းစားသံအမတ်ကြီး မစ္စတာမာရုယာမက သူ့ရဲ့သံတမန် အတွေ့အကြုံတွေနဲ့ လက်ရှိဂျပန်အစိုးရသဘောထားတွေကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး စစ်တပ်က အခု စစ်ကောင်စီအထိ နှစ် ၅၀ နီးပါး မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သတ်ကာ ကြမ်းတမ်းစွာ ဖိနှိပ်အုပ်ချုပ်ခဲ့ကြတာကို အထောက်အထားတွေနဲ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဟောပြောပွဲကို တက်ရောက်လာတဲ့ စီဒီအမ်သံမှူးကြီးတယောက်ဖြစ်တဲ့ ဦးအောင်စိုးမိုးက “မစ္စတာမာရုယမဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိနားလည်ထားတဲ့ သံတမန်တဦး (သံအမတ်ကြီး) အဖြစ် သိနားလည်ထားပါတယ်။ မြန်မာ့အရေးကို ကျနော်တို့လို မြန်မာတယောက်က ရှင်းပြနေမယ်ဆိုရင်တောင် ဘက် တဘက်ဘက်ကို လိုက်ပြီး ပြောနေမလားလို့ တချို့ ဂျပန်လူမျိုးတွေက ထင်မြင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဥပမာ ကျနော်တို့က အမှန်တွေ ပြောနေရင်တောင် emotion ကြောင့် ပြောသလားဆိုမျိုး ဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ သံအမတ်ကြီးလို မြန်မာ့အရေးလည်း နှံ့စပ်တဲ့ ဂျပန် လူမျိုးတယောက်က မြန်မာ့အရေးကို ဂျပန်တွေကိုရှင်းပြတော့ ဘက်လိုက်မှုမပါတဲ့ မြန်မာ့အရေးအဖြစ်မှန်ကို သူတို့(ဂျပန်လူမျိုးများ) သိခွင့်ရကြပါလိမ့်မယ်။ 

“တကယ်တော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ဆုံးရှုံးနေပြီး ပြည်သူ့အာဏာကို မတော်မတရား အလုခံခဲ့ရလို့ ငြိမ်းချမ်းစွာ ပြန်လည်တောင်းဆိုရာက စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ဆိုးရွားတဲ့ အခြေအနေဆိုးတွေ ပေါ်ပေါက်လာတယ်ဆိုတာ ဂျပန်နိုင်ငံသားတွေသာမက ကမ္ဘာ့အသိုက်အဝန်းက သိသင့်တာပါ။

“ဒီလို သံအမတ်ကြီးက မြန်မာ့အရေးကို မှန်တဲ့အတိုင်းတင်ပြသွားတဲ့ အချက်အလက်တွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြတ်နိုးသူတိုင်း၊ စာနာစိတ်ရှိတဲ့ လူသားဆန်သူ မည်သူမဆို အသိတရားရှိရှိနဲ့ မြန်မာ့အရေးမှာ မြန်မာပြည်သူတွေ လိုလားတောင့်တတဲ့ ဆန္ဒ အတိုင်း ရပ်တည်သွားသင့်ကြောင်း မီးမောင်းထိုးပြနေတယ်လို့ သုံးသပ်မိပါတယ်” လို့ DVB ကို ပြောပါတယ်။

ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားနေသူ ဦးဝင်းကျော်ကလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငြိမ်းစားသံအမတ်ကြီးတယောက်က အခုလို စစ်တပ်က အနှစ် ၅၀ နီးပါး မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတာတွေအပေါ် မြန်မာ့အရေးကို ထုတ်ဖော်ပြောကြားရဲတဲ့သတ္တိနဲ့ မြန်မာပြည်သူတွေအပေါ် သံယောဇဉ်ကြီးမားမှုကိုလည်း ချီးကျူးဂုဏ်ပြုပါတယ်။
“အခုဟောပြောပွဲကနေ ကျနော်တို့ မသိရသေးတဲ့၊ မစဉ်းစားမိတဲ့အချက်တွေ သိရလို့ အရမ်းတန်ဖိုးရှိတဲ့ ဟောပြောပွဲတခုပါ” လို့ ပြောပါတယ်။

၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက် ဂျပန်နိုင်ငံဟာ မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေကို အကြမ်းဖက်မှု ရပ်ဖို့၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကိုကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းဖို့ ဆက်လက်တောင်းဆိုမှာဖြစ်ကြောင်း၊ ဂျပန်သံရုံးက ထုတ်ပြန်ကြေညာတာကို အခုအချိန်အထိ ဂျပန်အစိုးရက ဆက်လက်ကိုင်စွဲထားကြောင်းလည်း ဟောပြောပွဲမှာ မစ္စတာမာရုယမ က ပြောကြားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှာ မစ္စတာ မာရုယာမ နေရာကို သံမှူး မစ္စတာ ရှီဂိုယို ရှီတာကဲက သံအမတ်ကြီးရာထူးထက် အဆင့်နိမ့်တဲ့ သံရုံးယာယီတာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်နေပြီး ဂျပန်ဟာ မြန်မာစစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေး လျှော့ချလိုက်တာလို့လည်း သုံးသပ်နေကြပါတယ်။ 

ဒါ့အပြင် အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနဲ့ ဗြိတိန်အပါအဝင် ဥရောပနိုင်ငံတချို့က စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ဆက်ဆံရေး လျှော့ချပြီး သံရုံးတာဝန်ခံတွေပဲ ထားရှိထားပါတယ်။

အငြိမ်းစားသံအမတ်ကြီး မစ္စတာ မာရုယမ က မြန်မာစစ်ကောင်စီရဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ ကို တရုတ်နိုင်ငံနဲ့ ရုရှားတို့သာ အသိအမှတ်ပြုနိုင်ပေမဲ့ တခြားဘယ်နိုင်ငံမှ အသိအမှတ်ပြုနိုင်ဖွယ်မရှိကြောင်းလည်း ပြောကားခဲ့ပါတယ်။

မြန်မာ့အရေးဆွေးပွဲကို ဂျပန်လွှတ်တော်အမတ် မစ္စတာ အီချီရို အအိဆဝ နဲ့အတူ အိုကယမမြို့အပါအဝင် ဂျပန်နိုင်ငံအတွင်း ဆက်လက်ကျင်းပသွားမယ်လို့ မစ္စတာ မာရုယမ က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013