DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သား ပစ်မှတ်ထား တိုက်ခိုက်ခံရမှု အများဆုံးဖြစ်
DVB
·
March 16, 2025
ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သား ပစ်မှတ်ထား တိုက်ခိုက်ခံရမှု အများဆုံးဖြစ်
Donate to DVB

၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ခြောက်လတာအတွင်း ဖြစ်ပျက်ခဲ့တဲ့ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ရာဇဝတ်မှုများကြောင့် ဒေသခံပြည်သူတွေ ကြုံတွေ့ခံစားရမှု အခြေအနေတွေကို ပဉ္စမမဏ္ဍိုင် ပြည်သူ အကူအညီပေးရေးအဖွဲ့ (PMCSG) က သတင်းထုတ်ပြန်ပါတယ်။  

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူတွေ ကြုံတွေ့ခံစားရမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေကို ပဉ္စမမဏ္ဍိုင် (PMCSG) က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ဒီစစ်တမ်းကတော့ PMCSG ရဲ့ လေးကြိမ်မြောက် စစ်တမ်းဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်ကနေ ၂၀၂၅ ခု ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ၆ လတာ ကောက်ယူထားတာ ဖြစ်သလို စစ်ကိုင်း၊ မကွေး၊ နေပြည်တော်၊ ရန်ကုန် စတဲ့ ဒေသတွေက အချက်အလက်တွေလည်း ဖြစ်ပါတယ်။

ဒီစစ်တမ်းမှာတော့ ခြောက်လတာအတွင်း ဖြစ်ပျက်နေတဲ့ ကဏ္ဍတွေကို စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ရာဇတ်မှုများဆိုပြီး ခွဲခြားကောက်ယူခဲ့တာ ဖြစ်သလို အဲဒီမှာမှ အရပ်သားပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်ဆိုပြီး ခွဲခြားစိစစ်ထားပါတယ်။ 

PMSCG ရဲ့ လေ့လာတွေ့ရှိချက်အရကတော့ အရပ်သားကို ပစ်မှတ်ထားတာ ပိုများပြီး အရပ်သား ပစ်မှတ်ထား တိုက်ခိုက်ခံရမှုပေါင်း ၅၁၄ ကြိမ်မှာ စစ်ကိုင်းတိုင်းက ၂၅၃ ကြိမ်ဖြစ်ပြီး အရပ်သားပစ်မှတ်ထား တိုက်ခိုက်ခံရတာ အများဆုံးလည်း ဖြစ်ပါတယ်။

ပဉ္စမမဏ္ဍိုင်ရဲ့ Research Advisor က  “စစ်တပ်အပြင် ရဲတပ်ဖွဲ့ပါတယ်၊ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေ၊ နောက်ထွေအုပ်တွေလို ဟာမျိုးပေါ့။ သူတို့တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆန်းစစ်တဲ့ နေရာမှာဆိုရင် အဓိကအဖြစ် အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ဟာကို ကျနော်တို့ တွေ့ရှိရတယ်။ ဒါသည် ဘာကြောင့်လဲဆိုရင် ကျနော်တို့ သုံးသပ်ချက်အရတော့ စိုးမိုးနယ်မြေတွေ၊ တော်လှန်ရေး အင်အားစုဘက်က စိုးမိုးနယ်မြေတွေများလာတယ်၊ ဒီလိုများလာခြင်းက ဒေသတွင်းမှာ ရှိတဲ့ လူထုရဲ့ ထောက်ခံမှုကြောင့်ဆိုတဲ့ သူတို့ဘက်က စွပ်စွဲချက် ပုံစံမျိုးနဲ့ လူထုကို ချေမှုန်းနိုင်ရင် တော်လှန်ရေး အင်အားစုတွေ အားနည်းသွားမယ်ဆိုတဲ့ concept မျိုးနဲ့ သူတို့ လူထုကို ပိုပြီးတော့ အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီးတော့ လုပ်လာတာကို တွေ့ရတယ်” လို့ ပြောပါတယ်။

ဒီစစ်တမ်းထဲက တွေ့ရှိချက်တွေမှာတော့ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေအပြင် တော်‌လှန်ရေး အင်အားစု တပ်ဖွဲ့များနဲ့ အမည်မသိ အဖွဲ့တွေက ကျူးလွန်တဲ့ ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။ တော်လှန်ရေး အင်အားစု ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အရပ်သားပစ်မှတ်ထားပြီး ကျူးလွန်မှု ၆ ကြိမ် ရှိခဲ့ပါတယ်။

ပဉ္စမမဏ္ဍိုင်ရဲ့ Research Advisor က “တော်လှန်ရေး အင်အားစုဘက်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံတွေကို ကြည့်မယ်ဆိုရင် အများအားဖြင့်က ဘယ်လို ပုံစံမျိုးတွေ့ရလဲဆိုရင် အာဏာပေါ် အခြေခံတဲ့၊ လက်နက်ပေါ် အခြေခံတဲ့ ကျူးလွန်မှုတွေကို ကျနော်တို့ တွေ့ရတယ်။ နောက်တခုကကျတော့ ကျနော်တို့ case ထဲမှာတော့ အသေးစိတ် ရေးထားတာပေါ့လေ။ တချို့ case တွေမှာဆိုရင် အဓမ္မပြုကျင့်တဲ့ ကိစ္စမျိုးတွေ တွေ့ရတယ်။ နောက်တခုကကျတော့ လုံခြုံရေး အကြောင်းပြတာ၊ နောက်ပြီးတော့ တော်လှန်ရေး အကြောင်းပြပြီးတော့ တင်းကြပ်တဲ့ ကိစ္စမျိုးတွေ၊ ဖိနှိပ်တဲ့ ကိစ္စမျိုး၊ ရိုက်နှက်တဲ့ ကိစ္စမျိုးတွေ ကျနော်တို့ တွေ့ရတယ်။ အဲ့ဒါက ကျနော်တို့ စစ်တမ်းမှာ လက်ရှိ တွေ့ရတာပေါ့၊ ဒါပေမယ့် အဲ့ဒါသည် ကျနော်တို့ အနည်းငယ်ကိုပဲ တွေ့ရတယ်” လို့ ပြောပါတယ်။

လက်နက်ကိုင်ထားပြီး ဘယ်အဖွဲ့အစည်းကပါလို့ အမည်ခံထားခြင်းမရှိတဲ့ အုပ်စုတွေကလည်း မြေပြင်မှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေပြီး အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဖြစ်စဉ် ၇၃ ကြိမ်ထိ ရှိခဲ့ပါတယ်။ ဖြစ်စဉ်အများစုကတော့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်သလို ဓားပြမှု၊ လုပ်ကြံသတ်ဖြတ်မှု၊ ပစ်ခတ် သတ်ဖြတ်မှု၊ လုယက်မှု၊ ခြိမ်းခြောက်ငွေညှစ်မှုတွေကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ပဉ္စမမဏ္ဍိုင် (PMCSG) ကို ၂၀၂၂ ခုနှစ်ကစပြီး မြေပြင်က လူငယ်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ပြန်လည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းစဉ်တွေမှာ သက်သေခံ အထောက်အထားတွေ အဖြစ် အသုံးပြုနိုင်ဖို့ စစ်တမ်းကောက်ယူနေတာလည်း ဖြစ်ပါတယ်။ ရရှိခဲ့တဲ့ အချက်အလက်တွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပေးပို့သလို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း ပေးပို့တယ်လို့ သိရပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013