DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် မိုးပျံတံတား ပြိုကျမှုကြောင့် မြန်မာအပါအဝင် အလုပ်သမား ၅ ဦးထက်မနည်း သေဆုံး
DVB
·
March 16, 2025
ဘန်ကောက် မိုးပျံတံတား ပြိုကျမှုကြောင့် မြန်မာအပါအဝင် အလုပ်သမား ၅ ဦးထက်မနည်း သေဆုံး
1 / 2
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်ဆောင် ၂ နယ်မြေအတွင်း မတ် ၁၅ ရက်က ဆောက်လက်စ မိုးပျံတံတား ပြိုကျမှုကြောင့် မြန်မာလုပ်သားတွေ အပါအဝင် ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်ဆောင် ၂ နယ်မြေအတွင်း ဆောက်လုပ်နေဆဲ မိုးပျံတံတား ပြိုကျမှု မတ် ၁၅ ရက် မနက် ၂ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပြိုကျမှုအတွင်း အလုပ်သမား ၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ကနဦး သိရပြီး အယောက် ၃၀ ထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူတွေ ထပ်ရှိနိုင်ပြီး၊ ပျောက်ဆုံးသူတွေကို ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။ လက်ရှိ အခင်းဖြစ်ပွားနေရာကို ထိုင်းတာဝန်ရှိသူတွေ ရောက်ရှိနေပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။ 

AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီး “ကျနော်တို့ လတ်တလော သိထားတာက မြန်မာ ၃ ယောက်က သေသွားတဲ့ထဲမှာ ပါတယ်။ ဒါ ထိုင်းကလည်း တရားဝင် ကြေညာထားတယ်။ နောက်ထပ် ပျောက်နေတဲ့သူတွေကိုတော့ မိသားစုဝင်တွေနဲ့ ချိတ်ဆက်မမိသေးဘူး။ ဒါကို ကျနော်တို့လည်း လိုက်စုံစမ်းနေတယ်။ လောလောဆယ် ၃ ယောက်က အတည်ပြုလို့ရတယ်။ မြန်မာ ၃ လောင်းကို အတည်ပြုလို့ရတယ်။ ထိုင်းက ဘယ်နှယောက်ပါလဲ မသိသေးဘူး။  မြန်မာ မိသားစုတွေနဲ့ ဦးခိုင်တို့ စုံစမ်းနေတာက ဒီလုပ်ငန်းခွင်ထဲ အဲဒီနေ့က လူ ဘယ်နှယောက် သွားဆင်းတယ်ဆိုတာကို အတိအကျလေး စုံစမ်းနေတာ။ အခုက အဲဒီလူတွေနဲ့ မတွေ့အောင် အာဏာပိုင်တွေက ပိတ်ထားတယ်” လို့ ပြောပါတယ်။

မတ် ၁၆ ရက်အထိ သိရတာက မြန်မာ ၃ ယောက် သေဆုံးကြောင်း၊ ပျောက်ဆုံး အလုပ်သမားတွေထဲ မြန်မာလုပ်သားတဦး ပါဝင်ကြောင်းနဲ့ ပျောက်ဆုံးနေသူကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက် ရှာဖွေနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ထိုင်းနိုင်ငံ၊ မဟာချိုင် ဈေးအနီးမှာ ဆောက်လက်စ မိုးပျံတံတား ပြိုကျမှုကြောင့် မြန်မာအလုပ်သမား ၄ ယောက်နဲ့ ထိုင်းအလုပ်သမား ၂ ယောက် စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီ ဖြစ်စဉ်အတွင်း သေဆုံးခဲ့ရတဲ့ မြန်မာလုပ်သားတွေအတွက် သေဆုံး နစ်နာကြေး လက်ရှိအချိန်ထိ မရသေးဘဲ ကျန်ရစ်တဲ့ မိသားစုတွေကို AAC ဂေဟာက စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

AAC အလုပ်သမားအရေး လုပ်ဆောင်သူ ကိုရဲမင်းက “ဒီအရင် ဖြစ်သွားတဲ့ ဖြစ်စဉ်မှာလည်း မြန်မာလုပ်သားတွေ ပါတယ်။ အဲ့လုပ်သားတွေဆိုရင် အခုချိန်ထိ တလောက ထိုင်းအာဏာပိုင်တွေ ချိတ်ပိတ်တဲ့ AAC ဂေဟာမှာ စောင့်ရှောက်ထားပြီး အမှု ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ အခုချိန်ထိ နစ်နာကြေး မရသေးဘူး။ ထိုင်းတွေတော့ ရသွားပြီ။ မြန်မာတွေ မရသေးဘူး။ သူတို့ရဲ့ မိဘ၊ ဆွေမျိုးတွေ လာစောင့်နေတယ်။ အခု နောက်တကြိမ်တောင် ထပ်ဖြစ်ပြီ။ အရင်တုန်းက မိုးပျံတံတားပြိုကျမှုမှာ သေဆုံးသွားတဲ့ မြန်မာလုပ်သားတွေ အခုချိန်ထိ သေဆုံး နစ်နာကြေး မရသေးဘူး။ ဆိုလိုတာကတော့ မြန်မာလုပ်သားတွေ ဥပဒေအရ ခံစားခွင့်တွေမှာ ထိုင်းဘက်က ဘယ်လိုပုံစံမျိုးနဲ့ လုပ်ဆောင်ပေးနေလဲဆိုတာ တော်တော်လေး မေးခွန်းထုတ်စရာ ဖြစ်နေတယ်” လို့ ပြောပကါတယ်။ 

မဟာချိုင်က မိုးပျံတံတား ပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့ရတဲ့ မြန်မာလုပ်သားတွေကို ထိုင်းအစိုးရက သေဆုံး နစ်နာကြေး တဦးကို ဘတ် ၁ သန်း ဝန်းကျင်စီ ပေးမယ် ဆိုပေမဲ့ လက်ရှိအချိန်ထိ မရရှိသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ထိုင်းမှာ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးမှုတွေမှာ မြန်မာလုပ်သားတွေ ဥပဒေကြောင်းအရ တရားမျှတမှု ရရှိတာ နည်းပါးတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။ ထိုင်းက အလုပ်ကြမ်းတွေ၊ အန္တရာယ်များတဲ့အလုပ်တွေမှာ လုပ်ကိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ သိန်းနဲ့ချီ ရှိနေပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013