
စစ်ကိုင်းတိုင်း၊ ရေဦးမြို့အတွင်း ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်တန်းကို မတ် ၁၅ ရက် ည ၈ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ရေဦးမြို့ပကဖတာဝန်ခံ ဦးနန္ဒဝင်း ကွပ်ကဲမှုနဲ့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ က ပူးပေါင်းမိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။
ရွေဘိုခရိုင်တပ်ရင်း ၁၄ တာဝန်ရှိသူ ကိုပြည့်ကြီးက “ကျနော်တို့ မနေ့ညက ရေဦးမြို့ထဲဝင်ပြီး ပါဆယ်မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်ဗျ။ အဲဒီလိုတိုက်ခိုက်ပြီး ဒီမနက်မြို့ထဲကို စုံစမ်းကြည့်တဲ့အခါ စခ ၃ ဦး သေဆုံးတယ်လို့ သိထားရပါတယ်။ ကျနော်တို့ဘက်ကတော့ ညပိုင်း မိုင်းဆွဲပြီး အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ယာဉ် ၂ စီး ထိခိုက်သွားကြောင်း၊ မိုင်းဆွဲခံရပြီးနောက် စစ်ကာင်စီတပ်က ရေဦးမြို့နယ်အနောက်ခြမ်းနဲ့ တောင်ခြမ်းကို လက်နက်ကြီးနဲ့ ၃ လုံး ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ရေဦး ဒေသခံလူငယ်တယောက်က “မိုင်းပေါက်ကွဲတာက ၂ လုံး ကွဲတဲ့အသံ ကြားလိုက်ရတယ်။ မိုင်းပေါက်တဲ့ နေရာက ရေဦးမြို့၊ ဟင်းရုံအနီးနားက ပေါက်ကွဲတာဗျ။ ကားလေး ၃ စီးနဲ့ နေ့တိုင်းလိုလို ရပ်ကွက်တွေထဲ ဧည့်စာရင်းစစ်တာတို့၊ ပေါ်တာဆွဲတာတို့လုပ်နေတဲ့ ကောင်တွေပါ။ အခုလို မိုင်းဆွဲခံရတော့ ဘယ်သူတွေ ထပ်မဲဦးမလဲ မသိဘူး။ ဒီကောင်တွေက ကြွက်မနိုင်ရင် ကျီ မီးနဲ့ရှို့တဲ့ကောင်တွေ” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်ပျက်စီး သေဆုံးတာတွေနဲ့ ပက်သက်ပြီး DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရေဦးမြို့ပေါ်မှာ စစ်ကောင်စီက လူငယ်တွေကို စစ်တပ်အတွင်း ဝင်ရောက်ကာ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးနေတာကြောင့် လူငယ်တချို့ မြို့ထဲမှာ မနေရဲကြဘဲ ပြည်သူ့ကာကွယ်ရေးတပ် စိုးမိုးနယ်မြေအတွင်း ခိုလှုံလာသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။