
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနဟာ နယ်စပ်မိုင်းပေါက်ကွဲမှုအတွက် ပြုံယမ်းကို အပြစ်တင်နေတဲ့ တောင်ကိုရီးယားရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို အောက်တိုဘာ ၆ ရက်မှာ ပယ်ချခဲ့ပြီး တောင်ကိုရီးယားက သူတို့ရဲ့ပိုင်နက်ကို ချိုးဖောက်ကျူးကျော်လာရင် "ချက်ချင်း လက်ငင်း ပြင်းထန်တဲ့ တန်ပြန်အရေးယူမှုတွေ" လုပ်မယ်လို့လည်း သတိပေးလိုက်ပါတယ်။
နိုင်ငံပိုင်မီဒီယာ KCNA မှ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ စက်တင်ဘာ ၂၁ ရက် ပေါက်ကွဲမှု အပေါ် တောင်ကိုရီးယားရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်ဟာ ဒီဖြစ်ရပ်နဲ့ချိတ်ဆက်ပြီး မြောက်ကိုရီးယား ကို အပြစ်ပုံချဖို့နဲ့ သူတို့အပေါ် သံတမန်ရေးရာ၊ စစ်ရေးအရ အစီအမံတွေ လုပ်ဆောင်လာနိုင်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုတင် ဖန်တီးထားတဲ့ "ဇာတ်လမ်းတပုဒ်" သာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတွေ့ရှိချက်ဟာ ပြင်းထန်တဲ့ ရန်စမှုတခုဖြစ်ပြီး မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
နယ်စပ်လုံခြုံရေးအတွက် အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်တွေကို "ပိုမိုပြတ်သားပြီး ရဲရဲဝံ့ဝံ့" ကျင့်သုံးသွားမယ်လို့လည်း မြောက်ကိုရီးယားက ဆိုပါတယ်။
တောင်ကိုရီးယားရဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ဂရုစိုက်နေမှာ မဟုတ်သလို နောင်မှာ အဲဒီလိုဖြစ်ရပ်မျိုး နောက်တကြိမ် ထပ်ဖြစ်လာခဲ့ရင် တာဝန်ရှိမှုအားလုံးဟာ ဆိုးလ်အစိုးရမှာသာ အပြည့်အဝ ရှိလိမ့်မယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
စက်တင်ဘာလအတွင်းက စစ်သား ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ နယ်စပ်ပေါက်ကွဲမှုဟာ နယ်စပ်စည်းရိုး ကာရံရေးလုပ်ငန်းတွေလုပ်နေချိန်အတွင်း မြောက်ကိုရီးယားဘက်က စစ်မဲ့ဇုန် (DMZ) ထဲမှာ မြှုပ်နှံခဲ့တဲ့ လူမဆန်တဲ့ လူသတ်မိုင်းကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂ ကွပ်ကဲရေးအဖွဲ့နဲ့ ပူးပေါင်းစစ်ဆေးချက်၊ သိပ္ပံနည်းကျ ခွဲခြမ်းစိတ်ဖြာချက်တွေအရ သိရတယ်လို့ တောင်ကိုရီးယားဘက်က အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။
Source: Reuters











