
ဆီးရီးယားနဲ့ အစ္စရေးတို့ကြားက ဂိုလန်ကုန်းမြင့်တွေဟာ ကြားခံနယ်တွေဖြစ်ပြီး အစ္စရေး စစ်တပ် ချထားခြင်းမပြုလုပ်ဖို့ ကုလသမဂ္ဂငြိမ်းချမ်းရေးအကြီးအကဲက ပြောကြားခဲ့ပါတယ်။
ဂိုလန်ကုန်းမြင့်တွေမှာ ၁၉၇၄ ခုနှစ်ကတည်းက ကုလသမဂ္ဂက ငြိမ်းချမ်းရေး ထိန်းသိမ်းတွေအဖွဲ့တွေ ချထားဖို့ သဘောတူထားတာဖြစ်ပါတယ်။
ဒီကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ဟာ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရယ်ကတ်ဇ်က အစ္စရေးတပ်ဖွဲ့တွေ ဆီးရီးယားမှာနေဖို့ ပြင်ဆင်နေတယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာတာပါ။
ကုလငြိမ်းချမ်းရေးထိန်းသိမ်းမှုအကြီးအကဲ ဂျင်းပီလာခရိုက်က “၁၉၇၄ ခုနှစ်က အစ္စရေးနဲ့ ဆီးရီးယား အာရပ်ရီပါ့ဘလစ်တို့ကြားက သဘောတူညီမှုကို ဆက်ပြီး လေးစားဖို့ လိုအပ်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ ဒီဒေသမှာ ငြိမ်းချမ်းပြီး တည်ငြိမ်မှုရှိဖို့ ဆန္ဒရှိပါတယ်” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ်နောက်ပိုင်းမှာ အစ္စရေးအစိုးရဟာ ဂိုလန်ကုန်းမြင့်တွေကို နယ်မြေတိုးချဲ့ပြီး တပ်စွဲလာတာ ဖြစ်ပြီး ဆီးရီးယားရဲ့ပိုင်နက်နေရာတွေကိုပါ အစ္စရေးက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
အစ္စရေးဟာ ၁၉၆၇ ခုနှစ်က နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေကြားထဲက ဂိုလန်ကုန်းမြင့်တွေကို တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ခဲ့ဖူးပါတယ်။
ဆီးရီးယားမှာ သမ္မတအာဆတ်အစိုးရ ၂၀၂၄ ဒီဇင်ဘာ ၈ ရက်မှာ ပြုတ်ကျခဲ့ပြီးနောက် အစ္စရေးက ကုလတပ်တွေသာ တပ်စွဲရတဲ့ ကြားခံနေရာတွေကို ပြန်လည်ရယူခဲ့တာဖြစ်ပါတယ်။
အစ္စရေးက ဂိုလန်ကုန်းမြင့်တွေမှာ တပ်စွဲထားမှုဟာ ယာယီပဲလို့ ပြောဆိုမှုကို လာခရိုက်က သိထားပါတယ်။
ဒါပေမဲ့ အဲ့ဒီနေရာဟာ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေရဲ့ နေရာဖြစ်တယ်လို့ လာခရိုက်က အကြိမ်ကြိမ် သတိပေးထားပါတယ်။
Source: Reuters










