DVB Logo
Home
မြန်မာသတင်း
ဘိုကလေးနှင့် မော်ကျွန်းက အဓမ္မစုဆောင်းခံရသည့်လူငယ် ၁၅၀ ကျော် ရန်ကုန် စစ်သင်တန်းသို့ ပို့
DVB
·
March 16, 2025
ဘိုကလေးနှင့် မော်ကျွန်းက အဓမ္မစုဆောင်းခံရသည့်လူငယ် ၁၅၀ ကျော် ရန်ကုန် စစ်သင်တန်းသို့ ပို့
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးနဲ့ မော်လမြိုင်ကျွန်းမြို့နယ်က အဓမ္မဖမ်းဆီး စစ်သားစုဆောင်းခံရတဲ့ လူငယ်အယောက် ၁၅၀ ကျော်ဟာ ရန်ကုန် စစ်သင်တန်းကျောင်းကို ပို့ခံရတယ်လို့ ဒေသခံတွေ၊ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး စစ်မှုထမ်းအမှတ်စဉ် ၁၁ အတွက် ဘိုကလေးမြို့နယ်နဲ့ မော်လမြိုင်ကျွန်းမြို့နယ်ကနေ အဓမ္မဖမ်းဆီး စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေကို မတ် ၁၄ ရက်နေ့က ရန်ကုန်တိုင်းမှာရှိတဲ့ စစ်လေ့ကျင့်ရေးကျောင်းတွေဆီကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ရန်ကုန်စစ်သင်တန်းကျောင်းကို အပို့ခံရတာလို့ သိရတယ်။ မော်ကျွန်းက ၇၀ ကျော်နဲ့ ဘိုကလေးက ၇၀ ကျော်၊ အားလုံး အယောက် ၁၅၀ ကျော်မယ်။ အားလုံးက အဓမ္မစုဆောင်းခံရတာ။ အသက် ၁၉ နှစ်နဲ့ ၁၈ နှစ်အရွယ်လူငယ် အမျိုးသားတွေ များတယ်။ မိသားစုတွေနဲ့တောင် မတွေ့ရဘူး၊ ငိုယိုပြီးသွားတွေ့တဲ့ မိသားစုနဲ့တောင် ပေးမတွေ့ဘဲ ခေါ်သွားတာ” လို့ ပြောပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် အဓမ္မစုဆောင်းခံရတဲ့ အရပ်သားလူငယ်တွေကို မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက် ခလရ ၅၃၄ တပ်ထဲမှာ ၇ ရက်လောက် ကြိုတင် ဖမ်းခေါ်ထားပြီးမှ စစ်ကားတွေနဲ့ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မော်လမြိုင်ကျွန်းမြို့ခံတယောက်က “အခု မော်လမြိုင်ကျွန်းမြို့နယ်ဘက်ကနေ စုဆောင်းခံရတဲ့ ကလေးတွေက ကျေးရွာတွေဘက်က များတယ်။ နေ့ခင်းဘက် အမိုးအုပ်ကားတွေနဲ့ ခေါ်သွားတာ။ ဥပဒေနဲ့အညီ ဆန္ဒအလျောက် စစ်မှုထမ်းကြသူတွေ မပါဘူး။ အုပ်ကြီးတွေနဲ့ ဖိအားပေး အခေါ်ခံရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ စခေါ်တဲ့နေ့ကတည်းက ဖုန်းပြောတာ၊ မိသားစုနဲ့ တွေ့ခွင့်အတွက်ပါ ကန့်သတ်ခဲ့ပြီး မလိုက်နာတဲ့ လူငယ်တွေကို ရိုက်နှက်တဲ့အထိပါ လုပ်တယ်လို့ ဆိုပါတယ်။

စစ်မှုမထမ်းချင်တာကြောင့် တိမ်းရှောင်တဲ့ လူငယ်တွေ များလာတဲ့အတွက် စစ်ကောင်စီတပ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဘိုကလေးမြို့နယ်နဲ့ မော်လမြိုင်ကျွန်းမြို့နယ်တို့မှာ အရပ်ဝတ်တွေ ဝတ်ပြီး ညဘက်တွေမှာ အတင်းအဓမ္မအင်အားသုံး လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013