
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာမှာ ဇွန် ၂၀ ရက် မနက်အစောပိုင်းက မိထွေးကို လင်ပါသားက ဓားနဲ့ခုတ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဓားနဲ့ခုတ်သတ်ခံရသူဟာ အသက် ၃၈ နှစ်အရွယ် မမိစိုး ဆိုသူဖြစ်ပြီး တအိမ်တည်းနေရသူ အသက် ၁၉ နှစ်အရွယ် လင်ပါသား ဝိုင်းတုံချစ်က ခုတ်ခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “လွန်ခဲ့တဲ့ရက်က မိထွေးနဲ့သားဖြစ်သူတို့ စကားများ ရန်ဖြစ်ကြတယ်။ မကြာခဏ ရန်ဖြစ်တိုင်းလည်း အဖေဖြစ်သူက သားဘက်က မပါတာကို ကောင်လေးက အငြှိုးထားပြီး၊ အဖေဖြစ်သူမရှိချိန်မှာ မိထွေးကို အခုလို ဓားနဲ့ခုတ်သတ်လိုက်တာ” လို့ပြောပါတယ်။
မမိစိုးမှာ ညာဘက်ပခုံးပြတ်ရှဒဏ်ရာ၊ မေးစေ့အောက် ပြတ်ရှဒဏ်ရာ၊ ညာဘက်လည်ပင်း ပြတ်ရှဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ တခါတည်း ပွဲချင်းပြီး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူ မမိစိုးရဲ့ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ဘိုကလေးမြို့နယ် ခုတင် ၁၀၀ ဆေးရုံဆီကို ပို့ဆောင်ခဲ့ပြီး ဝိုင်းတုံချစ် ကိုတော့ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးနယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။










