DVB Logo
Home
မြန်မာသတင်း
သမ္မတထရမ့်ပ် ညွှန်ကြားချက်ကြောင့် VOA နှင့် RFA သတင်းဌာနများလုပ်ငန်းထိခိုက်
DVB
·
March 16, 2025
သမ္မတထရမ့်ပ် ညွှန်ကြားချက်ကြောင့် VOA နှင့် RFA သတင်းဌာနများလုပ်ငန်းထိခိုက်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒေသစံတော်ချိန် မတ် ၁၄ ရက်မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ USAGM (United States Agency for Global Media) အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင်ထားဖို့ ညွှန်ကြားချက်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

သမ္မတဒေါ်နယ်ထရမ့်ပ်ဟာ အစိုးရလုပ်ငန်းတွေအားလုံးရဲ့ငွေကြေးသုံးစွဲမှုနဲ့ ဝန်ထမ်းခန့်အပ်မှုအခြေအနေတွေကို ပြန်လည်သုံးသပ်နေတာဖြစ်ပြီး USAGM ကိုလည်း ပြန်လည်သုံးသပ်ဖို့ အခုလိုညွှန်ကြားချက်ထွက်လာတာ ဖြစ်ပါတယ်။

ညွှန်ကြားချက်ထွက်ပြီးနောက် USAGM လက်အောက်မှာရှိတဲ့ VOA မြန်မာပိုင်းနဲ့ RFA သတင်းဌာနဝန်ထမ်းတွေဆီကို ရုံးလာတက်စရာမလိုဘဲ ခွင့်ပေးကြောင်း Email တွေပေးပို့ခဲ့တယ်လို့ သိရပါတယ်။

Save Myanmar- USA အဖွဲ့မှ ကိုရင်အေးက "ညက ပို့စ်တခုတွေ့လိုက်တယ်၊ ကျနော်တို့ Group တခုမှာတင်ထားတာ။ VOA၊ RFA ကို မီးတွေအကုန် shut down လုပ်လိုက်တယ်ဆိုတဲ့ အနေအထား၊ နည်းနည်းတော့ ထူးဆန်းနေတာပေ့ါ၊ ဒီနေ့မနက်ကြည့်လိုက်တော့လည်း ဘာမပြောညာမပြော အကုန် shut down လုပ်ထားတဲ့အနေအထားတွေ့ရတာပေါ့နော်။ အဲ့ဒါက ကျနော်တို့ မြန်မာပြည်အတွက်လှုပ်ရှားမှုရော၊ ကမ္ဘာကြီးမှာရှိနေတဲ့တိုင်းပြည်ငယ်လေးတွေ အာဏာရှင်လက်အောက်က လွတ်မြောက်ရေးကြိုးစားနေကြတဲ့ တိုင်းပြည်တိုင်းအတွက်ကို ထိခိုက်တယ်လို့မြင်ပါတယ်။"

အာဏာရှင်နိုင်ငံတွေက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို နှိပ်ကွပ်‌နေချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ရပ်ဟာ စစ်အာဏာရှင်တွေ စိတ်ကြိုက် ဖြစ်သွားစေတယ်လို့ VOA မြန်မာပိုင်းဝန်ထမ်းတယောက်က ပြောပါတယ်။ မြန်မာပြည်မှာဆိုရင်လည်း စစ်ခေါင်းဆောင်တွေ မလုပ်နိုင်တဲ့အလုပ်ကို သူတို့ကိုယ်စား သမ္မတဒေါ်နယ်ထရမ့်ပ်က လုပ်ပေးလိုက်တာမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။

VOA မြန်မာပိုင်းဝန်ထမ်းတယောက်က"Admin leave ဆိုတော့ ပိုက်ဆံတော့ ပေးထားဦးမယ်။ ဘယ်လောက်ကြာကြာပေးမလဲတော့ မသိဘူး။ VOA ရဲ့ မိခင် အုပ်ချုပ်မှုအဖွဲ့ USAGM ကို လူလျှော့ခိုင်းလို့ VOA ဝန်ထမ်းတွေလည်း ပါသွားတာ။ မဖြစ်သင့်ဘူးပေါ့ဗျာ။ အမေရိကန်တွေကတော့ မသိဘူးလေ။ VOA ကပြည်တွင်းကို လွှင့်ခွင့်မရှိ။ မလွှင့်ရဘူး။ အမေရိကန်တွေက သူတို့ အခွန်ငွေတွေ ဖြုန်း‌နေတာသက်သာသွားပြီ ထင်မှာပဲ။ အမှန်က ဒီလိုတွေ သုံးထားလို့ အမေရိကန်ရဲ့ ပုံရိပ်၊ အကျိုးစီပွားနဲ့  ဒီမိုကရေစီကို မြှင့်တင်ပေးနေတာလေ” လို့ ပြောပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ပ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်အချိန်ကတည်းက အစိုးရအသုံးစရိတ်တွေ စိစစ်လျှော့ချဖို့ ပြောဆိုခဲ့ပြီး သမ္မတဖြစ်လာချိန်မှာ လက်တွေ့ အကောင်အထည်ဖော်လာတာ ဖြစ်ပါတယ်။ 

မြန်မာ-ထိုင်း နယ်စပ်မှာ ရှင်သန်လှုပ်ရှားနေတဲ့ သတင်းမီဒီယာအများစုဟာလည်း USAID ရဲ့ အကူအညီနဲ့ လည်ပတ်ခဲ့ကြတာဖြစ်ပြီး USAID အကူအညီတွေကို ရပ်ဆိုင်းပြီးနောက် လုပ်ငန်းဆက်လည်ပတ်ဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။

ဒေါ်ခင်သီရီနန္ဒာစိုးက “လွတ်လပ်တဲ့သတင်းမီဒီယာတွေမရှိတော့ဘူးဆိုရင် ပြည်သူ့ အိုးအိမ်အသက်စည်းစိမ်တွေ ပိုပြီးအများကြီး ထိခိုက်နစ်နာမှုရှိမယ်။ နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပြီးတော့ ဆိုးရွားလာတာတွေ ရှိမယ်။ ထိခိုက်မှုကတော့ မပြောချင်လောက်ကိုပဲပေ့ါနော် ကျမအနေနဲ့။ လွတ်လပ်တဲ့ မီဒီယာတွေ ရှင်သန်နေတဲ့ ကာလမှာတောင်မှ သူတို့အနေနဲ့ ထောင်ထဲမှာရှိနေတဲ့ နိုင်ကျဉ်းတွေကို သတ်ချင်သလို သတ်တယ်၊ ကြိုးပေးတယ် စသဖြင့် ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သတင်းထုတ်ပြန်မယ့် မီဒီယာတွေမရှိတော့ဘူးဆိုရင် ပြည်သူတွေအတွက် ထိခိုက်နစ်နာမှုတွေ ပိုများလာနိုင်ပါတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီလမှာ သမ္မတဒေါ်နယ်ထရမ့်ပ် တက်လာပြီးနောက် ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာအရေးနဲ့ အစိုးရလုပ်ငန်းစဉ်တွေ ပြန်လည်သုံးသပ်ရေးအစီအစဉ်တွေအပါအဝင် အရေးကိစ္စ တော်တော်များများဟာ စီးပွားရေးရှုထောင့်တခုတည်းကိုပဲကြည့်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ မူလဦးတည်ချက် စံတန်ဖိုးတွေကို လျစ်လျူရှုသလိုဖြစ်နေတာကြောင့် ဝေဖန်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။ 

အမေရိကန်နိုင်ငံရဲ့ နှစ်ပေါင်း ၂၀၀ ကျော်လည်ပတ်ခဲ့တဲ့ ဒီမိုကရေစီစနစ်ဟာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေ အပြန်အလှန် ထိန်းကျောင်းနိုင်မှု ရှိ၊ မရှိကိုတော့ စောင့်ကြည့်သွားရမယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013