DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်း-မတ္တရာ ပွိုင့်စခန်းတချို့ကို PDF ပြန်သိမ်း၊ မြင်းခြံတွင် အမျိုးသမီးပျူစောထီး ၅၀ ကျော် သင်တန်းဆင်း
DVB
·
March 15, 2025
သပိတ်ကျင်း-မတ္တရာ ပွိုင့်စခန်းတချို့ကို PDF ပြန်သိမ်း၊ မြင်းခြံတွင် အမျိုးသမီးပျူစောထီး ၅၀ ကျော် သင်တန်းဆင်း
Donate to DVB

သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီသိမ်းယူထားတဲ့ စခန်းပွိုင့်တွေကို PDF တွေပြန်သိမ်းယူခဲ့တာကြောင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ မြင်းခြံနယ်မှာ အမျိုးသမီးပျူစောထီး ၅၀ ကျော်သင်တန်းဆင်းလာပြီး သတင်းထောက်လှမ်းရေးလုပ်ငန်းတွေ ပြုလုပ်လာဖွယ်ရှိနေပါတယ်။ 

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နဲ့ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီသိမ်းယူထားတဲ့ စခန်းပွိုင့်တွေကို PDF ပူးပေါင်းအဖွဲ့တွေက မတ်လဆန်းမှာ ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောပါတယ်။ 

လုံခြုံရေးအရ ပြန်သိမ်းယူထားတဲ့ စခန်းတည်နေရာတွေနဲ့ အရေအတွက်ကို မတ္တရာ PDF က ထုတ်ဖော်ပြောဆိုတာမရှိပေမဲ့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့တာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြန်လုပ်နေတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရတဲ့ ပြည်သူတချို့လည်းရှိခဲ့ပြီး အတိအကျကိုတော့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက “သပိတ်ကျင်းမြို့နယ်ထဲ ၇ မိုင်ရဲ့မြောက်ဘက် စကစဘက်ကနေပြီးတော့ ထိုးစစ်ဆင်ပြီး သိမ်းပိုက်ထားတဲ့ ပွိုင့်တွေပေါ့ဗျာ၊ အဲ့ဒီပွိုင့်တွေ အလုံးစုံပြန်ရပြီ၊ ရပြီဆိုတဲ့အခါမှာ စကစ ကလေကြောင်းသုံးပြီး ပြန်ခုခံတာရှိတယ်၊ လက်နက်ကြီးနဲ့ လေကြောင်းပေါ့။ အဲ့ဒီပွိုင့်တွေကတော့ ပြန်ရပြီ၊ PDF ပူးပေါင်းအဖွဲ့တွေရဲ့ အောင်မြင်မှုတရပ်။ မတ္တရာဘက်မှာလည်း သူတို့ဘက်က ပြန်ထိုးထားတဲ့ ပွိုင့်တွေကို ကျနော်တို့ဘက်က ပြန်ရထားတာရှိတယ်။ အဲ့ဒါလည်း အောင်မြင်မှုတရပ်ပေါ့နော်၊ လောလောဆယ်ကတော့ ၂ ဖက်ထိတွေ့မှု ပစ်ခတ်မှုအသံတွေကြားနေရတယ်။ မတ္တရာဘက်ခြမ်းမှာ ခံစစ်ကတော့ အသည်းအသန်လုပ်နေတာပဲ၊ ပွဲကတော့ နေ့တိုင်းနီးပါးဖြစ်နေတာ ကျည်မပေါက်တဲ့နေ့တော့ တရက်မှမရှိဘူး။ သူတို့ဘက်က မထုတ်ပြန်တာ၊ သူတို့ဘက်က ကျတာလည်းများတယ်၊ များတယ်လို့ပဲ ပြောလို့ရတယ်၊ ကျနော်လည်း အရေအတွက် အတိအကျမသိရဘူး” လို့ ပြောပါတယ်။

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်တွေမှာလည်း ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

နွားထိုးကြီးမြို့နယ်မှာ PDF တွေက အသာစီးယူထားနိုင်ပေမဲ့ မြင်းခြံမြို့နယ်မှာတော့ ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေ အင်အားကောင်းနေတုန်းပဲလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

မြင်းခြံမြို့ အင်ပါယာဟိုတယ် အနောက်ဘက်ကွင်းနဲ့ ကညန ကားမောင်းကွင်းနေရာတွေမှာ ပျူစောထီးတွေကို စစ်သင်တန်းပေးနေတာဖြစ်ပြီး မတ်လ ဒုတိယအပတ်မှာ အမျိုးသမီး ၅၀ ကျော် ပျူစောထီးသင်တန်းဆင်းထားတယ်လို့ ဆိုပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့မှ ဗညားက “အမျိုးသမီးပြည်သူ့စစ်တွေ သင်တန်းဆင်းတာတခုတော့ထူးတယ်။ မနည်းဘူး အယောက် ၅၀၊ ၆၀ လောက်ရှိတယ်။ မြင်းခြံကလည်း ကိုယ်က ကောင်းကောင်းမအုပ်နိုင်တော့ သီတာယုမွန်ဘက်ပါတဲ့သူတွေလည်း ရှိကြတယ်လေ။ ဒီအမျိုးသမီးတွေကိုတော့ စစ်မြေပြင်အတွက် ထုတ်မသုံးလောက်ဘူးထင်တယ်။ တခြား သတင်းပိုင်း ထောက်လှမ်းရေးပိုင်းနဲ့ နည်းမျိုးစုံထုတ်သုံးမယ်လို့ ကျနော့်အထင်တော့ အဲ့ဒီလိုထင်တယ်၊ ဘာလို့ဆိုတော့ တော်လှန်ရေး သမားတွေက အများကြီးရှိနေတာ၊ မြို့ခံတွေရော မြို့နားဘာညာ အများကြီးရှိနေတော့ မိန်းမသားနဲ့ဆိုရင် သတင်းအချက်အလက် ရနိုင်ခြေများတယ်လေ၊ သီတာယုမွန်လုပ်တာပါ၊ မက်လုံးတွေဘာတွေပေးမှာပေါ့။ အခုအချိန်ကလည်း လူတွေကလည်း မြို့ပေါ်နေလူတွေက လုပ်စားကိုင်စားရတာမလွယ်တော့ ဒီထဲတွေဝင် သင်တန်းတွေဘာတွေတက်၊ ဘယ်လောက် ဘယ်လောက်ပေးတယ်ပေါ့၊ သူကပေးမှာပဲလေ၊ သူ့ပိုက်ဆံစိုက်ရတာမှမဟုတ်တာ၊ ပေးနိုင်တာပေါ့ သိတယ်မှတ်လား၊ အဲ့ဒါကြောင့်လည်း ဝင်ကြတယ်ထင်ပါတယ်။ တချို့ကလည်း စိတ်ပါလို့ဝင်ကြတဲ့သူနဲ့ စိတ်မပါဘဲဝင်တဲ့သူနဲ့ အဲ့လိုတော့ရှိမှာပေါ့။ တဖက်သတ်ကြီး တွေးလို့မရဘူးပေါ့၊ သူတို့အနေအထားက သိတဲ့အတိုင်းပဲ အယောက် ၁၀၀ ဆို အလက် ၁၀၀ အေးဆေးချပေးလို့ ရတယ်လေ။”

၂၀၂၄ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာ သပိတ်ကျင်းမြို့နယ်ထဲက တပ်စခန်း ၈ ခု၊ မတ္တရာမြို့နယ်ထဲက တပ်စခန်း ၃၅ ခု၊ စဉ့်ကူးမြို့နယ်ထဲကတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မန္တလေးပြည်သူ့ကာကွယ်တပ်မတော်က ကြေညာခဲ့ပြီး စက်တင်ဘာလနောက်ပိုင်းကစပြီး စစ်ကောင်စီက တပ်စခန်းတချို့ကို ပြန်သိမ်းယူခဲ့တာပါ။ 

အဲ့ဒီထဲက အရေးပါတဲ့ ပွိုင့်စခန်းတွေကို PDF တွေက အခုမတ်လမှာ ပြန်သိမ်းယူခဲ့တာကြောင့် စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူသုံးပြီး ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013