
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က ရခိုင်ရိုးမပေါ်မှာ အလုပ်လုပ်ကိုင်နေသူကို ရိုးမပေါ် မနေထိုင်ကြဖို့ မတ်၁၃ရက်နေ့တွင် စစ်တပ်က နှင်ထုတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၁၂ ရက်နေ့က အာရက္ခတပ်တော်(AA)ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပြီး ရခိုင်ရိုးမအပေါ်မှာ လုပ်ကိုင်စားသောက်နေသူတွေကို မတ် ၁၃ နေ့မှာ စစ်တပ်က နှင်ထုတ်တာလို့ဆိုပါတယ်။
သာပေါင်းအောက်ဘက် ကျေးရွာနေထိုင်သူတယောက်က “တောထဲ ဝါးခုတ်သစ်ခုတ် လုပ်ကိုင်စားကြသူတွေ တောထဲမနေဖို့ စစ်တပ်က လိုက်ပြောခိုင်းတာပါ၊ ဟိုရက်က တောတက်မဲ့ ဆိုင်ကယ်တွေကို စစ်တာတွေ ငွေတောင်းတာတွေ လုပ်တယ်” လို့ ပြောပါတယ်။
သာပေါင်း-ရေနံ့သာလမ်းပေါ်မှာ အနောက်ရိုးမပေါ်တက်မဲ့ဆိုင်ကယ်တွေကို ရိက္ခာတွေတင်လာတာ ရှိ၊ မရှိ စစ်ဆေးတာနဲ့ ငွေတောင်းခံတာကိုတော့ မတ်လအစပိုင်းကပဲ လုပ်နေတာဖြစ်ပြီး ပြည်သူတချို့ကိုလည်း မသင်္ကာလို့ဆိုပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သာပေါင်းမြို့နယ်က ရခိုင်ရိုးမနဲ့ထိနေတဲ့ကျေးရွာတွေကို စစ်တပ်ကစစ်ကြောင်းထိုးတာတွေ ပိုလုပ်လာပြီး ကျေးရွာတွေကဘုန်းကြီးကျောင်းတွေမှာ တပ်စွဲတာ၊ ဒေသခံဈေးဆိုင်တွေဆီက စားသောက်စရိတ်တောင်းခံတာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
သာပေါင်း-ဘောမိ၊ မကျီးဇင်လမ်းပေါ်က ကျားခေါင်း၊ သဲဖြူဘက်မှာ မတ် ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေတယ်လို့ သာပေါင်းမြို့ပေါ်ကို စစ်ရှောင်လာသူတွေက ဆိုပါတယ်။
စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ဇန်နဝါရီကတည်းက သာပေါင်း-မကျီးဇင်လမ်းပေါ်က ကျေးရွာတွေနဲ့ သာပေါင်းမြို့မရဲစခန်းတို့မှာ ခံစစ်ပြင်ထားတာဖြစ်ပါတယ်။










