
ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမထိစပ်နေရတဲ့ ရေကြည်၊ သာပေါင်းနဲ့ အသုတ်မြို့နယ် ၃ ခုလမ်းဆုံမှာ လက်နက်ကြီးစခန်းအခြေပြုဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်
နယ်နမိတ်ထိစပ်နေတဲ့ဒေသက ရဲစခန်းတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြန်လည် ပြုပြင်နေတဲ့အပြင် အခိုင်အမာ ကတုတ်ကျင်းတွေလည်းတူးနေတယ်လို့ ဆိုပါတယ်
ကြံခင်းမြို့ ဒေသခံတယောက်က “အခုလို ခံစစ်စခန်းတည်ဆောက်နေတဲ့ဟာက ရေကြည်၊ အသုတ်၊ သာပေါင်း ၃ မြို့နယ် အချိန်တိုအတွင်း သွားလာလို့ရတဲ့နေရာဖြစ်ပြီး ကွင်းကောက်၊ မြန်အောင်နဲ့ ကြံခင်းမြို့နယ်ထဲက ရဲကင်းစခန်းတွေမှာလည်း စခန်းကိုခိုင်မာအောင် ခြံစည်းရိုးသုံးထပ်နဲ့ သံဆူးကြိုးတွေ ပတ်ကာနေတာရယ်၊ ကတုတ်ကျင်းတူးတာတွေ လုပ်နေတာ” လို့ပြောပါတယ်
ခြံစည်းရိုးကာဖို့အတွက် ရွာကဝါးတွေခုတ်ပြီး ပြည်သူ့စစ်သင်တန်းဆင်းတွေနဲ့ ကာရံနေကြတာလို့ ဆိုပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ဘက်ကဝင်လာတဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ရေကြည်၊ ငါးသိုင်းချောင်း၊ ကွင်းကောက်ဘက်ကို ထိုးစစ်ဆင်နေပြီး တောင်ကုတ်ဘက်က ဝင်လာတဲ့ AA ပူးပေါင်းတပ်ဖွဲ့တွေကတော့ ကြံခင်းမြို့နယ်နဲ့ သိပ်မဝေးတော့တဲ့ မသုန်ကျေးရွာ ကပစ ၅ အနီးကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။