DVB Logo
Home
မြန်မာသတင်း
ဧရာဝတီအစပ် ရခိုင်ရိုးမကို လေကြောင်းတိုက်ခိုက်နေသဖြင့် ဒေသခံများထွက်ပြေးနေရ
DVB
·
February 2, 2025
ဧရာဝတီအစပ် ရခိုင်ရိုးမကို လေကြောင်းတိုက်ခိုက်နေသဖြင့် ဒေသခံများထွက်ပြေးနေရ
Donate to DVB

ရခိုင်-ဧရာဝတီအစပ်က စစ်ကောင်စီရဲ့ ပွိုင့်ကုန်းတပ်စခန်းနှစ်ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီးနောက် ဧရာဝတီအစပ် ရခိုင်ရိုးမတောင်တလျှောက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းထဲက စစ်ကောင်စီရဲ့ ပွိုင့် ၃၆၉ စခန်းနဲ့ ပွိုင့် ၂၆၃ တပ်စခန်းတို့ကို ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၆ ရက်တို့မှာ AA က သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၈ ရက်ကနေ ဖေဖော်ဝါရီ ၁ ရက်အထိ ဧရာဝတီအစပ် ရခိုင်ရိုးမတောင်တလျှောက်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

ဒေသခံတယောက်က “ဆက်တိုက် လေကြောင်းနဲ့ပစ်နေတာ။ ဧရာဝတီတိုင်းနဲ့ ရခိုင်ရဲ့အစပ်က ကျေးရွာတွေ အကုန်ထွက်ပြေးနေတယ်။ အိမ်တွေ မီးတွေလောင်နေတာ တွေ့ရတယ်။ အထိအခိုက် သေဆုံးတော့ အသေးစိတ်မသိသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ရိုးမတောင်တလျှောက်ကို လေကြောင်းနဲ့ တိုက်ခိုက်နေသလို ရခိုင်ရိုးမတောင်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်ဘက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ယောက်က “ဂျက်တွေနဲ့ စကစက လေကြောင်းတိုက်ခိုက်မှု လုပ်နေတာပါ။ တပ်စခန်းတွေကို AA ဆက်တိုက်သိမ်းပိုက်လာတော့ စစ်ကောင်စီတပ်ကလည်း လေကြောင်းကို အဓိကထားဆက်တိုက်တိုက်ခိုက်လာတာ။ ရခိုင် ဧရာဝတီအစပ်ဘက်ရော ရေကြည်သာပေါင်းဘက်မှာပါ ထိခိုက်ပျက်စီးတာတွေရှိတယ်” လို့ ပြောပါတယ်။

AA ရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်က သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်ရဲ့အစပ် ရခိုင်ရိုးမပေါ်မှာ စစ်ရဟတ်ယာဉ် MI 35 တစီးနဲ့ ကင်းပတ်လှည့်ပျံသန်းနေတယ်လို့ ပုသိမ်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ရဲ့ သတင်းအထူးတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ရခိုင်ရိုးမတောင်တန်းတလျှောက်က စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း ပဲခူးတိုင်းဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေသလို နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013