
နတ်ရေကန်ဗျူဟာကုန်းကိုသွားတဲ့ ရခိုင်-မကွေးရိုးမ လမ်းသစ်လမ်းပေါ်ရှိ မြေလပ်ရွာမှာ စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီး မြေလပ်ရွာနဲ့ တမိုင်လောက်သာဝေးတဲ့ ဂုတ်ကြီးစခန်းအနီးဝန်းကျင်မှာ AA နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
မြေလပ်ရွာကို ဧပြီ ၂၄ ရက်မှာ စစ်ကား ၃ စီးနဲ့ အင်အား ၁၀၀ ကျော်ဖြည့်တင်းပြီးနောက် ဂုတ်ကြီးရွာဝန်းကျင်ကို စစ်ကြောင်းထိုးလာတဲ့အတွက် အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ဂုတ်ကြီးနဲ့ ပဇီဘက်မှာက တိုက်ပွဲဖြစ်လိုက်၊ ရပ်လိုက်ရှိတယ်။ စစ်ကောင်စီဘက်က အင်အားဖြည့်သလောက် မလောက်ဘူး။ ၂၄ ရက်က နောက်ထပ် ကား ၃ စီးနဲ့အင်အားဖြည့်တာ။ အဲဒီအင်အားတွေနဲ့ အရင်အင်အားတွေ ပေါင်းပြီး ဂုတ်ကြီးကို သိမ်းဖို့ ကြိုးစားတာ။ တိုက်ပွဲကတော့ မနေ့ကနဲ့ ဒီနေ့အထိ ပြင်းတယ်။”
နတ်ရေကန်ဗျူဟာကုန်းကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုစားနေတဲ့ စစ်အာဏာရှင်တပ်ဟာ ဂုတ်ကြီးနဲ့ ပဇီကို အင်အားဖြည့်ကာ အကြိမ်ကြိမ် ကြိုးစားတိုက်ခိုက်နေပေမဲ့ မြေပြင်မှာ ထိခိုက်ကျဆုံးမှုတွေ များနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီရဲ့ လှုပ်ရှားမှုတိုင်းကို AA က အမြဲတမ်းစောင့်ကြည့်ထားတယ်။ ဒါကြောင့် သူတို့ဘက်က ဘယ်လောက်အင်အားဖြည့်ပြီးတိုက်တိုက် အပေါ်ကို မတက်နိုင်ဘူး။ သာတာဆိုလို့ ဝေဟင်ပစ်ကူပဲ ရှိတယ်။ ဒါတောင် အသေအပျောက်တပုံကြီး။ စနိုက်ပါနဲ့လည်း အဆော်ခံရတယ်။"
အခုလို တိုက်ပွဲ ပြန်လည်ပြင်းထန်လာတဲ့အတွက် စစ်ကောင်စီက ဆုန်ကုန်း၊ ဇင်ပြွန်းကနေ အမြောက်လက်နက်ကြီးတွေနဲ့ နေ့ရော ညပါ ပစ်ခတ်နေသလို ဂျက်ဖိုက်တာနဲ့လည်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်ဘက်က အထိနာကျဆုံးတာတွေ များနေပြီး ထွက်ပြေးသူတချို့၊ လက်နက်ချ အလင်းဝင်သူနဲ့ ဖမ်းဆီးရမိသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မကွေးနဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ ဆော-မင်းတပ် လမ်းပိုင်းရှိ ကံကြီးကျေးရွာမှာ စစ်တပ်က တပ်စွဲလာတာကြောင့် ချင်းနဲ့ ရခိုင်ဘက်ကို ကုန်သွယ်နေကြတဲ့ ကုန်သည်လမ်းကြောင်းတွေအပေါ်မှာ ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်နေကြတယ်လို့ ရခိုင်ကုန်သည်တွေက ပြောပါတယ်။
ဆောမြို့နယ်၊ ကံကြီးကျေးရွာကို စစ်တပ်က ဧပြီ ၂၆ ရက်မှာ အင်အား ၂၀၀ ကျော်လောက်နဲ့ ဝင်ရောက်တပ်စွဲ နေရာယူခဲ့ကြပြီး ကုန်သွယ်မှုလမ်းကြောင်းရဲ့ အချက်အချာကျတဲ့နေရာ ဖြစ်တာကြောင့် ပိတ်ဆို့မှုတွေ ပြုလုပ်လာမှာကို စိုးရိမ်တယ်လို့ ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။
“ဆော-မင်းတပ် လမ်းပိုင်းရှိ ကံကြီးကျေးရွာကို စစ်တပ်က အထိုင်ချ တပ်စွဲလိုက်တော့ လမ်းပိုင်းကို ပိတ်ဆို့လိုက်မှာကို စိုးရိမ်ရတယ်။ အခုထိတော့ ဘယ်သူမှ မသွားရဲဘူး။ ချင်းနဲ့ ရခိုင် ဆိုတာကလည်း သူတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေ ဖြစ်တာကြောင့် စစ်တပ်ကတော့ ပိတ်ဆို့မှုတွေ ပြုလုပ်လာနိုင်တယ်။ အခု တပ်စွဲလိုက်တဲ့ ရွာကလည်း လမ်းပိုင်းရဲ့ အချက်အချာကျတဲ့နေရာ ဖြစ်တာကြောင့် အနည်းနဲ့အများတော့ ကုန်သွယ်မှုကို နှောင့်ယှက်မှုတွေ ရှိလာနိုင်တယ်။”
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့အတွက် လိုအပ်တဲ့ စားသောက်ကုန်တွေနဲ့ လူသုံးကုန်တွေကို မကွေးတိုင်း ဆောမြို့နယ်ဘက်ကတဆင့် ပြည်မကနေ ကုန်သွယ်မှုတွေကို အနည်းငယ် ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။
စစ်တပ် အခုတပ်စွဲလိုက်တဲ့ ကံကြီးကျေးရွာဟာ ဆောမြို့နဲ့ မိုင် ၂၀ ဝန်းကျင် ကွာဝေးပြီး မင်းတပ်မြို့နဲ့ ၁၀ မိုင်ကျော် အကွာအဝေးမှာရှိကာ မကွေးနဲ့ ချင်းပြည်နယ်အတွက် စစ်ရေးအရ အရေးပါတဲ့ နေရာမှာ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ချင်းဒေသခံ စစ်ရေးအကဲခတ်တယောက်က “ကံကြီးရွာမှာ စစ်တပ် တပ်စွဲလိုက်တာက ဆောနဲ့ မင်းတပ်အတွက်က စစ်ရေးအရ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိလာတယ်လို့ ပြောလို့ရတယ်။ အရင်ကလည်း ကံကြီးရွာကို စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပေမဲ့ အခု အထိုင်တပ်စွဲလိုက်တာကတော့ စစ်ရေးအရ ခြိမ်းခြောက်မှု ပြုလုပ်လာတာလို့ ပြောလို့ရနိုင်တယ်။ ချင်းပြည်နဲ့ မကွေးတိုင်းအတွက် စစ်ရေးအရ သတိထားရမဲ့ အခြေအနေမှာ ရှိတယ်” လို့ ပြောပါတယ်။
ကံကြီးကျေးရွာမှာ စစ်တပ်က တပ်စွဲလိုက်တာဟာ ရခိုင်ပြည်နယ်ကို ကုန်သွယ်မှုလမ်းကြောင်းတွေ ဟန့်တားဖို့ ကြိုးပမ်းလာတာမျိုး ပြုလုပ်လာသလို ချင်းနဲ့ မကွေးကိုလည်း စစ်ရေးအရ ဖိအားပေးလာတာမျိုး ဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ကံကြီးကျေးရွာမှာ စစ်တပ်က အင်အား ၂၁၀ နီးပါးခန့် တပ်ဖြန့်ချထားတာဖြစ်ပြီး လမ်းပိုင်းကို ဒေသခံတွေ သွားလာတာမျိုးတွေ မပြုလုပ်ကြဖို့လည်း ဒေသခံတွေကြား သတိပေးမှုတွေ ရှိနေပါတယ်။










