
မြန်မာနှစ်ဆန်းတရက်မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ တနိုင်ငံလုံးမှာ အကျဉ်းသား ၄,၃၃၅ ယောက် လွှတ်ပေးခဲ့ပြီး ညောင်ရွှေအကျဉ်းထောင်ကနေ အကျဉ်းသား ၁၃၀ ကျော် လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ညောင်ရွှေအကျဉ်းထောင်ကနေ အမျိုးသား ၉၈ ယောက်၊ အမျိုးသမီး ၁၀ ယောက် လွတ်ခဲ့ပြီး တောင်လေးလုံး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုစခန်းမှ အကျဉ်းသား ၃၀ နဲ့ တောင်ကြီးအချုပ်ထောင်က တယောက်လည်း ပါဝင်ပါတယ်။
ထောင်နဲ့နီးစပ်သူတယောက်က “ပြစ်မှုထပ်လုပ်ရင် လက်ကျန်ပြစ်ဒဏ်တွေ ပြန်ကျခံရမယ်ဆိုတဲ့ စည်းကမ်းနဲ့ လွှတ်ပေးတာပါ” လို့ ပြောပါတယ်။
လွတ်လာသူတွေ ဘာပုဒ်မနဲ့ ထောင်ကျထားခဲ့လဲဆိုတာ မသိရသေးသလို ဒီတကြိမ် လွတ်ငြိမ်းထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်ဘူးလို့လည်း သိရပါတယ်။
ဒေသခံတယောက်က “နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှ မပါဝင်တာကတော့ လွန်လွန်းပါတယ်။ မျှော်လင့်ထားသလို လည်း မဖြစ်လာဘူး ” လို့ ပြောပါတယ်။
ဒီတကြိမ် လွတ်ငြိမ်းသက်သာခွင့်မှာ သေဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ်တသက်အဖြစ် ပြောင်းလဲပေးထားပြီး၊ ထောင်ဒဏ်ေသက်နဲ့ နှစ် ၄၀ အထက် ပြစ်ဒဏ်ရှိသူတွေကိုတော့ နှစ် ၄၀ ကို လျှော့ချပေးထားပါတယ်။
ဒါ့အပြင် နှစ် ၄၀ အောက် ပြစ်ဒဏ်ရှိသူတွေကိုလည်း ကျန်ရှိတဲ့ ပြစ်ဒဏ်ထဲက ခြောက်ပုံတပုံ လျှော့ပေါ့ပေးထားကြောင်း သိရပါတယ်။










