
ဆီးရီးယားယာယီသမ္မတ အာမတ်အယ်ရှာရာဟာ ၅ နှစ်တာ အသွင်ကူးပြောင်းရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါဟာ ရှာရာရဲ့ အစ္စလာမ္မစ်ဖွဲ့က အယ်လ်အာဆတ် အစိုးရအဖွဲ့ကို တွန်းလှန်ပြီး ၃ လအကြာမှာ ယာယီဖွဲ့စည်းပုံကို လက်မှတ်ရေးထိုးခဲ့တာပါ။
ဖော်ပြချက်တွေထဲမှာ အရင်ဖွဲ့စည်းပုံမှာ ပါခဲ့သလိုမျိုး သမ္မတရဲ့ ကိုးကွယ်တဲ့ဘာသာက အစ္စလာမ် ဖြစ်ရမယ်လို့ ပါရှိပါတယ်။
အစ္စလာမ္မစ်ဥပဒေကလည်း အဓိကအရင်းမြစ်ဆိုတာထက် ဥပဒေရဲ့ အဓိကအရင်းအမြစ်လို့ ပါရှိပါတယ်။
ဒါ့အပြင် အာဏာခွဲဝေမှုနဲ့ လွတ်လပ်တဲ့ တရားစီရင်ရေး၊ အမျိုးသမီးအခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တို့ ပါဝင်ပါတယ်။
“ဒါက ဆီးရီးယားအတွက် သမိုင်းသစ်တခုလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဖိနှိပ်မှုတွေနေရာမှာ တရားမျှတမှုတွေနဲ့ အစားထိုးမှာပါ” လို့ ရှာရာက ပြောပါတယ်။
အမေရိကန်သံတမန် ပီဒါဆန်ကလည်း ဒီအရွေ့ဟာ ဥပဒေစည်းမျည်းတွေပေါ်မှာ အခြေခံတာ ဖြစ်လို့ ကြိုဆိုကြောင်းနဲ့ ဒီဖွံ့ဖြိုးမှုက ဥပဒေမရှိတာကနေ အရေးပါတဲ့ တိုးတက်မှုတခုလို့ မှတ်ချက်ပေးထားပါတယ်။
ဒါပေမဲ့ ဆီးရီးယားအရှေ့မြောက်မှာရှိတဲ့ ကုဒ်တွေကတော့ အခြေခံဥပဒေကြေညာတာကို ဝေဖန်ထားပါတယ်။ သူတို့က ဆီးရီးယားမှာ တကယ်ဖြစ်ပျက်နေတာတွေနဲ့ ကွဲပြားနေတယ်လို့ ဝေဖန်တာ ဖြစ်ပါတယ်။
ဇန်နဝါရီလထဲမှာ အာဆတ်ခေတ် ၂၀၁၂ ဖွဲ့စည်းပုံကို ပယ်ဖျက်ကြောင်း ရှာရာအဖွဲ့က ကြေညာခဲ့ပါတယ်။
ဒါ့ကြောင့် အရင်အစိုးရလက်ထက်က ပါလီမန်၊ စစ်တပ်နဲ့ လုံခြုံရေးအေဂျင်စီတွေ အားလုံး အကျုံးမဝင်တော့ပါဘူး။
လွန်ခဲ့တဲ့ ၁၀ ရက်က ၇ ယောက်ပါဝင်တဲ့ ကော်မတီက ဖွဲ့စည်းပုံမူကြမ်းကို ရေးဆွဲမယ်လို့ ကြေညာခဲ့ပါတယ်။
ရှာရာက ဖွဲ့စည်းပုံအသစ် ပြီးစီးတဲ့အချိန်အထိ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့အထိ အားလုံးပါဝင်နိုင်တဲ့ အစိုးရအဖွဲ့တခုဖြစ်အောင် ပြုလုပ်မယ်လို့ ရှာရာက ကတိပြုထားပါတယ်။
Source : Reuters










