DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်ခံရမှုများကို လူမှုကွန်ရက်ပေါ် ချက်ချင်းမတင်ရန် သတိပေး
DVB
·
March 14, 2025
လေကြောင်းတိုက်ခိုက်ခံရမှုများကို လူမှုကွန်ရက်ပေါ် ချက်ချင်းမတင်ရန် သတိပေး
Donate to DVB

ကရင်နီဒေသက လေကြောင်းတိုက်ခိုက်ခံရမှုတွေကို ဖြစ်ဖြစ်ချင်း လူမှုကွန်ရက်ပေါ် မတင်ကြဖို့ ရှေ့တန်းက ရဲဘော်တွေနဲ့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

လက်ရှိ မိုးဗြဲကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ မြေပြင်တပ်တွေအပြင် အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရင်ထက် ပိုသုံးလာနေတာ တွေ့ရပါတယ်။

ဒါကြောင့် ကရင်နီက လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးကျတာတွေနဲ့ ဒရုန်းတိုက်ခိုက်ခံနေရတဲ့ ဖြစ်စဉ်တွေကို ဖြစ်ဖြစ်ချင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ် မတင်ဘဲ လုံခြုံရေး သတိရှိကြဖို့ တောင်းဆိုထားတာပါ။

ကယ်ဆယ်ရေးသမားတယောက်က “လေယာဥ်ကြဲတယ်၊ လက်နက်ကြီးပစ်တယ်ဆိုရင် တချို့တွေက လျှောက်လျှောက် တန်းပြီးတော့တင်ကော၊ အဲလိုတင်တော့ ဘာဖြစ်လာနိုင်လဲ ဆိုတော့ ဆိုးကျိုးက အခု သူတို့က သူ့ထက်ငါ ဦးအောင် ကောက်တင်လိုက်တယ်မဟုတ်လား။ ဥပမာ စစ်တပ်ကနေပြီးတော့ ဆိုကြပါစို့ သူတို့ပစ်မှတ်ကို ကြဲလိုက်တယ်။ ဒါပေမဲ့ လယ်ကွင်းထဲမှာ ကျတယ်၊ ဘာမှမဖြစ်ဘူး၊ ပြည်သူမထိခိုက်ဘူးဆိုပြီး သူတို့က ကောက်တင်လိုက်လို့ရှိရင် နောက်ထပ် သူတို့ Location ရတဲ့ဟာကို ထပ်ကြဲရင် ငါတို့ပြည်သူတွေပဲ ဒုက္ခရောက်မှာပေါ့ သေကုန်မှာပေါ့။ အဲဒါကို တချို့က နားမလည်ဘူး။ ဦးရင်ပြီးရော လျှောက်တင်တော့၊ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကုန်တာပေါ့” လို့ ပြောပါတယ်။

ကရင်နီစစ်မြေပြင်မှာ စစ်ကောင်စီတပ်တွေက မီးလောင်ဗုံးတွေ၊ ဓာတုဗုံးတွေ သုံးနေတဲ့အပြင် အသေခံဒရုန်းတွေမှာ တည်နေရာ အတိအကျမှတ်ပြီး တိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေး တပ်ပေါင်းစုတွေမှာလည်း ထိခိုက်ကျဆုံးမှုတွေ ရှိလာနေပါတယ်။

ကာမီကာဇေ အသေခံဒရုန်းတွေနဲ့ လေယာဥ်လာကြဲတာတွေဟာ အရင်ထက် ပစ်မှတ်ကို ပိုတိကျလာတယ်လို့လည်း ရှေ့တန်းကရဲဘော်တွေက DVB ကို ပြောပါတယ်။

ရှမ်းတောင်စစ်ဒေသဗျူဟာ ၁ ပြန်ကြားရေးတာ၀န်ခံက “ကာမီကာဇေက အနည်းဆုံး မိုင် သုံးလေးဆယ် ပြေးတယ်ပေါ့နော်။ ပြေးတော့ ဘယ်နားကျလဲ၊ အဲ့ကျတဲ့နေရာကို သူတို့က လိုင်းပေါ်မှာ ကျနော်တို့ အားနည်းချက်အရ ကျနော်တို့ မြေပြင်မှာရှိတဲ့သူရော၊ ပြည်သူလူထုရော လိုင်းပေါ်တင်ကြတယ်။ ဒီနေရာကျတယ် ဆိုရင် သူတို့က မှတ်သားထားတယ်။ နောက်ပြီးတော့ သူတို့ဘယ်လိုပြောမလဲ၊ ဒီထက် အသုံးပြုနိုင်တဲ့ဟာတွေကို တဆင့်တဆင့် အသုံးပြုတယ်။ ကျနော်တို့ ရှေ့တန်းမြေပြင်မှာဆိုရင် အဆိပ်ငွေ့တွေ၊ ဓာတုနဲ့ပတ်သက်တဲ့ အားပြင်းပြီး ပေါက်ကွဲစေနိုင်တဲ့ အရာတွေ မှန်သမျှ သူတို့သုံးတယ်၊ သုံးလာတဲ့ အခြေအနေမှာ ကြည့်ရင်လည်း သူတို့က စမ်းသပ်အသုံးပြုပြီးတော့ ထိရောက်မှုကို သူတို့ ချိန်မှတ်နေတာ”လို့ ပြောပါတယ်။

မတ် ၄ ရက် ကလည်း စစ်ဘေးရှောင် ၁၀၀ ကျော်ရှိတဲ့ ဒီးမော့ဆိုက စစ်ရှောင်စခန်းတခုအနားကို ကာမီကာဇေ အသေခံဒရုန်း ၂ စီးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုတော့မရှိခဲ့ပါဘူး။

လက်ရှိမိုးဗြဲမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ရဲ့ အသေခံဒရုန်း တိုက်ခိုက်မှုတွေ ပိုပိုများလာတဲ့အတွက် ရဲဘော်တွေနဲ့ စစ်ရှောင်တွေရဲ့ လုံခြုံရေးအတွက် နေရာအတိအကျနဲ့  ပုံတင်တာတွေ ဂရုစိုက်ဖို့ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ ကယ်ဆယ်ရေးသမားတွေက နှိုးဆော်ထားပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013