
အမေရိကန်ပြည်ထောင်စုဟာ ၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေ ပုဒ်မ ၃၀၁ ကို ကိုးကားပြီး နိုင်ငံပေါင်း ၆၀ က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် ၁၀ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၅ ရာခိုင်နှုန်းအထိ စည်းကြပ်ခွန် အသစ်တွေကို ဇူလိုင် ၂၄ ရက်က စလို့ စည်းကြပ်ကောက်ခံသွားမယ်လို့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) က ဇူလိုင် ၂၃ ရက်မှာ ပြောပါတယ်။
ဒီကုန်သွယ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက် အသစ်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ယာယီ ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှု သက်တမ်းကုန်ဆုံးမဲ့ သောကြာနေ့ မနက် ၁၂ နာရီ ၀၁ မိနစ်မှာပဲ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့ဟာ ဖေဖော်ဝါရီလတုန်းက တရားလွှတ်တော်ချုပ်က သူ့ရဲ့ ပိုမိုကျယ်ပြန့်တဲ့ အခွန်တိုးမြှင့်ကောက်ခံရေး အစီအစဉ်တွေကို ပယ်ချခဲ့ပြီးနောက်ပိုင်း ဒီယာယီအခွန် တွေကို ပြောင်းလဲသုံးစွဲခဲ့တာပါ။
USTR ရဲ့ သတင်းထုတ်ပြန်ချက်အရ အစိုးရအဖွဲ့ဟာ ပုဒ်မ ၃၀၁ ကို အသုံးပြုခြင်းအားဖြင့် မတရားတဲ့ ကုန်သွယ်ရေးလုပ်ရပ်တွေနဲ့ အဓမ္မခိုင်းစေမှုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဖို့ ရည်ရွယ်တယ်လို့ USTR က ဆိုပါတယ်။
ထုတ်ပြန်ချက်အရ အဲဒီစီးပွားရေးအဆောက်အအုံတွေထဲမှာ အာဂျင်တီးနား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ မလေးရှား၊ မက္ကဆီကို၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ထရီနီဒက်နဲ့ တိုဘေးဂိုးနဲ့ ဗြိတိန်တို့ ပါဝင်ပါတယ်။
ဥရောပသမဂ္ဂ (EU)၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဆွစ်ဇာလန်တို့ အပါအဝင် စီးပွားရေးနိုင်ငံတွေက ကင်းလွတ်ခွင့်မရတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ အထူးအခွင့်အရေးရ နိုင်ငံနှုန်းထားကို နုတ်ပြီး ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၂ ဒသမ ၅ ရာခိုင်နှုန်း ပြောင်းလဲနိုင်တဲ့ အခွန်နှုန်းထား ကောက်ခံသွားမှာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ စုံစမ်းစစ်ဆေးခံထားရတဲ့ ကျန်နိုင်ငံအားလုံးပေါ် ၁၂ ဒသမ ၅ ရာခိုင်နှုန်း အခွန်စည်းကြပ်သွားမှာ ဖြစ်ပါတယ်။
ထူးခြားတာကတော့ ပြည်တွင်းမှာ ပစ္စည်းပြတ်လပ်နိုင်တာ ဒါမှမဟုတ် စီးပွားရေးတရပ်လုံး ကမောက်ကမ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေနဲ့ အမေရိကန်မှာ လုံလောက်တဲ့ ပမာဏ ဒါအမှမဟုတ် သင့်တော်တဲ့ ဈေးနှုန်းနဲ့ စိုက်ပျိုး၊ ထုတ်လုပ်နိုင်ခြင်း မရှိတဲ့ သွင်းကုန်ပစ္စည်းတချို့ကိုတော့ ထရမ့်ပ် အစိုးရအဖွဲ့က အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။
ဒါ့အပြင် အမေရိကန်သွင်းကုန်ရဲ့ ၇၀ ရာခိုင်နှုန်းကို တင်သွင်းနေတဲ့ နိုင်ငံ ၁၆ နိုင်ငံဟာ ကုန်ပစ္စည်းတွေ ပိုလျှံလွန်ကဲစွာ ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးနှုန်းတွေကို လျှော့ချနေသလား ဆိုတာကိုလည်း USTR က သီးခြား စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
Source: Reuters











