
ကမ္ဘာ့ဒီဇယ်ဈေးနှုန်း မြင့်တက်နေတာ သက်သာစေဖို့ အရေးပေါ် အရန်ဒီဇယ်တွေ ထုတ်သုံးဖို့ ပြင်သစ်နဲ့ ဂျာမနီကို အမေရိကန်အစိုးရက တောင်းဆိုထားပြီး မလိုက်နာရင် အမေရိကန်ဒီဇယ် တင်ပို့မှု ပိတ်နိုင်တယ်လို့ သတိပေးထားပါတယ်။
နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် အမေရိကန်မှာ စံချိန်တင် မြင့်နေတဲ့ ဒီဇယ်ဈေး ကျဆင်းစေဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒီဇယ်တင်ပို့မှု ပိတ်ဖို့ စဉ်းစားနေချိန်မှာ အခုလို ဥရောပကို ဖိအားပေးလာတာ ဖြစ်ပါတယ်။
ရိုက်တာသတင်းရင်းမြစ်တယောက်အရ အမေရိကန်က ဥရောပသမဂ္ဂကို လာမဲ့ ၆ လအတွင်း အရန်ဒီဇယ်စည် သန်း ၁၂၀ ထုတ်သုံးဖို့ တောင်းဆိုထားပါတယ်။
ဥရောပသမဂ္ဂရဲ့ မဟာဗျူဟာအရ သိုလှောင်ထားတဲ့ ဒီဇယ်အရန် စုစုပေါင်းရဲ့ သုံးပုံတပုံကျော်ဟာ ပြင်သစ်နဲ့ ဂျာမနီမှာ ရှိနေပါတယ်။
ဒါပေမဲ့ လောင်စာဈေးကို ချဖို့ အရန်တွေ ထုတ်သုံးရမလား၊ အီရန်စစ်ပွဲ ပိုဆိုးလာရင် အသုံးပြုဖို့ ဆက်လက်သိုလှောင်ထားရမလား ဆိုတာ ဥရောပအတွက် စဉ်းစားစရာ ဖြစ်နေပါတယ်။
အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းက လောင်စာထောက်ပံ့မှု ထိခိုက်နေပြီး ရုရှားကလည်း ဒီဇယ်တင်ပို့မှု ပိတ်ထားသလို တရုတ်က အောက်တိုဘာလ လောင်စာတင်ပို့မှုကို ဆိုင်းငံ့ထားပါတယ်။
ရုရှားဆီက လောင်စာတင်သွင်းမှု ပိတ်ပင်ပြီးနောက် ဥရောပဟာ အမေရိကန်လောင်စာအပေါ် ပိုမိုမှီခိုလာတာကြောင့် အမေရိကန်က တင်ပို့မှု ပိတ်လိုက်ရင် ဥရောပလောင်စာဈေး ထပ်မြင့်နိုင်ပါတယ်။
ဥရောပကော်မရှင်နဲ့ အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ စွမ်းအင်အဖွဲ့က ဒီဇယ်အရန် ထုတ်သုံးရေးကိစ္စကို အောက်တိုဘာ ၂ ရက်မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။










