DVB Logo
Home
မြန်မာသတင်း
နွားထိုးကြီးတွင် တပ်သားသစ် ၅ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
DVB
·
March 14, 2025
နွားထိုးကြီးတွင် တပ်သားသစ် ၅ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
Donate to DVB

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ်သားသစ် ၅ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မေလ ပထမပတ်ထဲမှာ အလင်းဝင်ရောက်လာတယ်လို့ Natogyi People Defence Force - NPDF (မြင်းခြံခရိုင် အမှတ် ၄/၁၀) တပ်ရင်းက မတ် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

NPDF ပြန်ကြားရေးတာဝန်ခံက “သူတို့က ပေါ်တာဆွဲခံခဲ့ရသူတွေပါ။ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် ၆ ကို တက်ရောက်ခဲ့ရတယ်။ စစ်သင်တန်းဆင်းတော့မှ ခလရ ၂၃၅ တပ်ရင်းကို ပို့ဆောင်ခံရသူတွေပါ။ စုစုပေါင်း ၅ ယောက်ပါ။ သူတို့က မတ်လပထမပတ်ထဲမှာ ရက်ခြားပြီးတော့မှ အလင်းဝင်လာကြသူတွေပါ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြသူတွေကတော့  တပ်သားမြင့်နိုင် (ပစ-၁၂၇၈၅၉)၊ တပ်သား‌အောင်နိုင်မိုး (ပစ-၂၂၇၇၉၂)၊ တပ်သားထက်အောင် (ပစ-၁၁၀၂၀၇)၊ တပ်သားဝင်းနောင် (ပစ-၁၂၆၈၅၃) နဲ့ တပ်သားဇော်မျိုးနိုင် (ပစ-၁၂၇၇၉၄) တို့ ဖြစ်ကြပါတယ်။

NPDF (မြင်းခြံခရိုင် အမှတ် ၄/၁၀) တပ်ရင်းမှူး ကိုစိုးအောင်က “သူတို့က အခုလပထမပတ်ထဲမှာ ကျနော်တို့ နွားထိုးကြီးမြို့နယ်ထဲကို အင်အား ၂၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးလာတဲ့အထဲမှာ ပါဝင်ခဲ့သူတွေပါ။ အဲဒီစစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲမဖြစ်ခင်လေးတင် သူတို့တွေ အလင်းဝင်လာကြတာ။ သူတို့ပါလာတဲ့ လက်နက်ခဲယမ်းတွေအတွက် ကျနော်တို့ဘက်ကလည်း ဆုကြေးငွေတွေ ပေးအပ်ထားတာရှိပါတယ်။ သူတို့တွေကို ကျနော်တို့ဘက်က အဆင်ပြေအောင် ထားပေးထားတဲ့အပြင် သူတို့ရဲ့ မိသားစုဝင်တွေလည်း လုံခြုံတဲ့နေရာတွေ ရောက်အောင် ပြောင်းရွှေ့ပေးထားပါတယ်။ အခုတော့ သူတို့ရဲ့ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေတခုကို ပို့ဆောင်ထားပေးပြီးပါပြီ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြသူတွေနဲ့အတူ MA3 သေနတ် ၁ လက်၊ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ 5.56 ကျည်အတောင့် ၆၀၀ နဲ့အတူ ၆၀ မမ ကျည် ၁ လုံးတို့ ယူဆောင်လာခဲ့ကြပါတယ်။

အလင်းဝင်ရောက်လာခဲ့ကြသူတွေ ပါဝင်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို NPDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မတ် ၉ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ယောက် နေရာတင် သေဆုံးခဲ့သလို ဗိုလ်မှူးတယောက်နဲ့ ဗိုလ်ကြီးတယောက် အပါအဝင် ၁၄ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013