
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေးဘိုကျေးရွာ ရွာထိပ်လမ်းပေါ်မှာ အနက်ရောင် သေမင်းတမန် စာတန်းပါ စာရွက်ကို လည်ပင်းမှာချိတ်ဆွဲပြီး အသတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်ကို မတ် ၁၂ ရက် မနက်အစောပိုင်းက တွေ့ရှိခဲ့ရကြောင်း ဒေသခံတွေထံက စုံစမ်းသိရပါတယ်။
သတ်ဖြတ်ခံရသူ ၂ ယောက်မှာ လည်လှီး သတ်ဖြတ်ခံထားရပြီး အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ကောက်ယူသွားကြောင်း ဒေသခံအမျိုးသမီး တယောက်က ပြောပါတယ်။
“အလောင်းတွေကို မနက် ၃ နာရီလောက်ကြီး ကားတစီးနဲ့ လာထားသွားတာ၊ လည်လှီးအသတ်ခံထားရတာ၊ ပြီးတော့ လည်ပင်းမှာလည်း အနက်ရောင် သေမင်းတမန်အဖွဲ့ ဆိုပြီး စာချိတ်ထားတယ်။ ပြောကြတာကတော့ စစ်သားတွေက သတ်ပြီး လာပစ်သွားတာတဲ့။ သေသွားတဲ့သူတွေကတော့ ဒီရွာသားတွေတော့ မဟုတ်ဘူး။”
အသတ်ခံရတဲ့ အမျိုးသား ၂ ယောက်ဟာ ကွင်းစမ်းကျေးရွာနဲ့ စောင်းဝှက်ကျေးရွာကဖြစ်ပြီး သူတို့အပါအဝင် လူငယ် အယောက် ၂၀ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ် ၁၁ ရက်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း နတ်တလင်းမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတယောက်က DVB ကို ပြောပါတယ်။
“အဲဒီရွာတွေက ပဲခူးရိုးမနဲ့နီးတယ်၊ ဖမ်းသွားတာက အယောက် ၂၀ လောက်လို့ ကြားတယ်။ ၂ ယောက်ကတော့ အသတ်ခံလိုက်ရပြီ။ ကျန်တဲ့သူတွေလည်း ပြန်လွတ်မလာသေးဘူး။”
အသတ်ခံရသူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်မှုမရှိကြောင်းလည်း တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ မကြာခဏ လူငယ်တွေကို သတ်ဖြတ်ပြီး အနက်ရောင် သေမင်းတမန်အဖွဲ့ စာတန်းပါ စာရွက်ကို လည်ပင်းမှာချိတ်ဆွဲပြီး လမ်းဘေးစွန့်ပစ်ခံရသူ ၁၀ ယောက်ထက်မနည်း ရှိကြောင်းလည်း ဒေသခံတွေထံက သိရပါတယ်။










