
ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ဒေသတွေကို ဧပြီ ၅ ရက်ကစလို့ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး လက်နက်ကြီး အပါအဝင် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းစဝင်တဲ့နေ့ကတည်းက ပေါင်းတည်မြို့နယ် တပ်မ ၁၀၊ အင်းမ ၆၆ တပ်တွေကနေ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်နေသလို ပါရာမော်တာ အပါအဝင် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဧပြီ ၅ ရက်မှာ ကန်သာယာကျေးရွာက ပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ကျွန်းလေးပင်ရွာနဲ့ ချောင်းခမ်းကြီးရွာကို ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၃၅ နှစ်အရွယ် ကိုလပြည့်ဝန်း သေဆုံးခဲ့သလို မကျီးပင်ကျေးရွာ စက်လှေဂိတ်ကို လေယာဉ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက် အသက် ၃၀ အရွယ် ကိုထွန်းထွန်းဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတယောက်က “အင်အား ၂၀၀ ကျော်နဲ့ တက်လာတာ၊ ရွာတွေကို တရွာပြီးတရွာချိတ်ပြီး ဒရုန်းတွေ ဗုံးကြဲတယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ပြီး ဝင်လာတာ၊ မန်ကျည်းပင်ကျေးရွာအထိ ရောက်ရှိလာပါတယ်။ ညတုန်းက လေယာဉ်နဲ့ ဗုံးကြဲတယ်၊ လက်နက်ကြီးနဲ့ ပစ်တာတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း ကယ်ထုတ်ခဲ့ရပါသေးတယ်” လို့ ပြောပါတယ်။
စစ်ကြောင်းကြောင့် ပဲမခမ်း၊ သာယာကုန်း၊ ကန်သာယာရွာ စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာ ၈ ရွာက ပြည်သူ ၇,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကြောင်းက ရှေ့ဆက်တိုးနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ တနေရာမှတနေရာ ထပ်မံ တိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူက ပြောပါတယ်။
“ဖြစ်သလို ရှောင်နေကြရပါတယ်။ တောတွေ တောင်တွေထဲမှာ နေပူဒဏ် ရေရှားပါးမှုဒဏ်တွေ ခံပြီး ပြေးလွှားနေရတာပါ။ ကူညီထောက်ပံ့မှုအားကတော့ တော်တော်နည်းနေပါတယ်။ တချို့ဆို အစာရေစာ ပြတ်လပ်တာတွေတောင် ကြုံနေရပါတယ်။”
လက်ရှိမှာ စစ်ရှောင်တွေဟာ ရွေ့လျားသဘောမျိုး တိမ်းရှောင်နေကြရတဲ့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။
သီရိ










