
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ တော်လှန်ရေးအဖွဲ့တွေရဲ့သတင်းကို စုံစမ်းသူ စစ်အာဏာရှင်လက်အောက်ခံ စစ်မှုထမ်းတယောက်ကို ဩဂုတ် ၁၈ ရက်မှာ အရှင်ဖမ်းမိခဲ့သလို စစ်မှုထမ်းဟောင်းတယောက်ကိုလည်း ပစ်ခတ်ဖမ်းဆီးစဥ် သေဆုံးသွားခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။
ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုအောင်က “ခေါင်းလောင်းတိုင်ရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေ စုံစမ်းနေသူတယောက် ရှိနေတယ် သိရလို့ စုံစမ်းလိုက်တဲ့အခါ စစ်မှုထမ်းအပတ်စဥ် ၂၃ သင်တန်းကို ၃ လတက်ပြီး သင်တန်းဆင်းလာတာ ၂ လလောက်ပဲ ရှိသေးတဲ့ အဲဒီ ခေါင်းလောင်းတိုင်ရွာသား အငယ်လေးကို သူ့အိမ်မှာပဲ ဖမ်းဆီးရမိခဲ့တာပါ။ စစ်သင်တန်းဆင်းလာပြီးကတည်းက သူ့ဆရာက တော်လှန်ရေးသတင်းတွေ စုံစမ်းဖို့ သီးသန့်ခေါ်ထားတာ” လို့ပြောပါတယ်။
အရှင်ဖမ်းဆီးရမိတဲ့ စစ်မှုထမ်းတပ်သားသစ် အငယ်လေးရဲ့ ထွက်ဆိုချက်အရ သူ့ရဲ့ဆရာဖြစ်သူ မိုင်းထိပြီး ခြေတဖက်ပြတ်ထားတဲ့ စစ်မှုထမ်းဟောင်း အသက် ၅၀ ကျော်အရွယ် ဦးထွန်းထွန်း ဟာလည်း အဆိုပါ ခေါင်းလောင်းတိုင်ကျေးရွာ ရိုးမပတ်လမ်းမှာ နေထိုင်သူဖြစ်တာကြောင့် သွားရောက်ဖမ်းဆီးစဥ် ထွက်ပြေးခဲ့လို့ ပစ်ခတ်ဖမ်းဆီးစဥ် သေဆုံးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်မှုထမ်းတပ်သားသစ် အငယ်လေးက “ကျနော်က ပေါ်တာဆွဲခံရပြီး စစ်သင်တန်းမှာ ၃ လခွဲလောက် ထမင်းချက်တဲ့နေရာမှာ နေခဲ့ရတာပါ။ အဲဒီကနေ သင်တန်းဆင်းပြီးတော့ PDF သတင်းတွေ ထောက်လှမ်းပြီး သတင်းပြန်ပို့ဖို့ စစ်တပ်ထဲက ၂ ပွင့်လား၊ ၃ ပွင့်လား မသိတဲ့ အရာရှိ မျိုးကြွယ်က ကျနော့်ကို ကျနော့်ရဲ့ ခေါင်းလောင်းတိုင်ရွာကို ပြန်လွှတ်လိုက်တာ။ အခုလို ကျနော့်ကို PDF က ဖမ်းမိရင်လည်း စစ်သင်တန်းမှာ ဆေးမအောင်လို့ ပြန်လွှတ်လိုက်တယ်လို့ လိမ်ညာပြောဖို့လည်း လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူး (AD) က မှာလိုက်သေးတယ်။ ကျနော့်ကိုတော့ တလကို လစာ တသိန်းပေးတယ်” လို့ ပြောပါတယ်။
အရှင်ဖမ်းဆီးရမိသူ စစ်မှုထမ်းသင်တန်းဆင်း အငယ်လေးကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေပြီး အထက်အဖွဲ့အစည်းတွေကို တင်ပြကာ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။
Photo: ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့











