
ကရင်နီပြည်နယ်က ဒီးမော့ဆို-ထူးချောင်း-မော်ချီးလမ်းကို စစ်ရေးအရ သွားလာတာကလွဲပြီး အသုံးမပြုကြဖို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မတ် ၁၂ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
ဘော်လခဲကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတာဝန်ကလွဲပြီး စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေနဲ့ ဖြတ်သန်းသွားလာခွင့်ကို နောက်ထပ် ညွှန်ကြားချက်တစုံတရာ မထုတ်ပြန်ခင်အထိ ပိတ်ထားမယ်လို့ သိရပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ဦးဗညားက “ဘော်လခဲမှာ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်တာတွေလည်း ရှိတာပေါ့။ ပြည်နယ်ထဲမှာရှိနေတဲ့ နေရာ ၂ နေရာ ၃ နေရာမှာလည်း တိုက်ပွဲတွေ ပြင်းထန်တာပေါ့နော်။ စစ်ကောင်စီထုံးစံအတိုင်း တိုက်ပွဲမှာ အကျအဆုံးများရင် လူထုတွေကို တိုက်ခိုက်လေ့ရှိတော့လေ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ကရင်နီပြည်ထဲက ပွန်ချောင်းအနီးကို မတ် ၁၁ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတယောက် ထိခိုက်မိပြီး နေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်တလျှောက်မှာလည်း မတ်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် ကာမီကာဇေ ခေါ် အသေခံဒရုန်းတွေ ကိုလည်း အသုံးပြု တိုက်ခိုက်တာတွေ ရှိလာပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ကရင်နီပြည် နေရာအနှံ့မှာ တွင်တွင်ကျယ်ကျယ် အသုံးပြု တိုက်ခိုက်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။










