
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ရွာကို မတ် ၁၃ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူတယောက်သေဆုံးကာ တယောက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကြတ္တိန်ကျေးရွာကို မတ် ၁၃ ရက် မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်စခန်းဌာနချုပ်က ဒရုန်းနဲ့ ဗုံး ၆ လုံး ကြဲချခဲ့တာလို့ ကျောက်ဖြူမြို့နယ် ဒေသခံတယောက်က DVB ကို ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ကျွမ်းခဲ့ကာ မီးငြှိမ်းသတ်ပေးနေတဲ့ အသက် ၆၁ နှစ်အရွယ် ဦးပေါက်စ သေဆုံးခဲ့ပြီး အမျိုးသားတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကြတ္တိန်ကျေးရွာကို မတ် ၇ ရက်၊ ၉ ရက်၊ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာလည်း စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ နေအိမ် ၄၅ လုံး၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ ဆန်တောင်း(၆ ပြည်) ၁၀,၁၀၀ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သားပြည်သူ ၂၀,၀၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေ ပါတယ်။











