
ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ကျိန္တလီမြို့ကို စစ်အာဏာရှင်တပ်က ဇွန် ၂၆ ရက် ညနေ ၃ နာရီကျော် လောက်မှာ ထပ်ဗုံးကြဲလို့ ၆ ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ဂွမြို့နယ်၊ ရေကျော်ကျေးရွာနဲ့ ကျိန္တလီမြို့ကို ပေါင် ၅၀၀ နဲ့ပေါင် ၃၀၀ ဗုံး ကြဲချ တိုက်ခိုက်ခဲ့တာ ကြောင့် ဆယ်ကျော်သက်အရွယ် ၃ ယောက်အပါအဝင် ၆ ယောက် ဒဏ်ရာ ရရှိသွားတယ်လို့ ဂွဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“အရင်ဆုံး ဂွမြို့နယ်၊ ရေကျော်ကျေးရွာကို ၃ နာရီလောက်က ပေါင် ၅၀၀ ဗုံးတလုံးနဲ့ ၃၀၀ ဗုံး တလုံး ကြဲတယ်။ ရေကျော်ရွာလယ် ဘုရားကြီးအနားက ဘုန်းတော်ကြီးကျောင်းခြံဝင်းအထဲမှာ တလုံး၊ မူလတန်းစာသင်ကျောင်းရှေ့မှာတလုံး ကျတယ်။ ၅ ယောက်ထိတယ်။ ကျိန္တလီမှာ ကျတော့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကျတယ်။ စည်ပင်ရုံးအနောက်ဘက် ကွင်းပြင်မှာကျလို့ ၁ ယောက် ထိတယ်” လို့ ပြောပါတယ်။
ရေကျော်ရွာက အသက် ၁၀ နှစ်အရွယ် မောင်ထက်မြတ်သူ၊ ၁၃ နှစ်အရွယ် မဆုမြတ်မွန်၊ ကျိန္တလီမြို့က အသက် ၁၈ နှစ်အရွယ် မဆောင်းဟေမာန်ခင် တို့အပါအဝင် ၆ ယောက် ဒဏ်ရာ ရခဲ့တာပါ။
ဂွမြို့နယ်နဲ့ ကျိန္တလီမြို့ကို အခုဇွန်လအတွင်းမှာ စစစ်အာဏာရှင်လေတပ်က မကြာခဏ ဗုံးကြဲ တိုက်ခိုက်သလို ရေကြောင်းက နေဗီတွေကပါ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ တရွာကနေတရွာ ပြောင်းရွှေ့နေကြရတယ်လို့ ကျိန္တလီဒေသခံအမျိုးသား တယောက်က ပြောပါတယ်။
“နေဗီကလည်းပစ်တယ်။ အခုဒီလအတွင်းမှာ ဂွနဲ့ကျိန္တလီဘက်ကို နှစ်ရက်ခြားတခါလောက်တောင် လာပစ်တာ။ ဘာတိုက်ပွဲမှလဲမရှိ။ ကျနော်တို့ဒေသခံတွေ ဘာအလုပ်အကိုင်မှ လုပ်စားလို့မရ၊ နေလို့လည်း မရတော့ဘူး။ ဟိုရွာပြောင်းဒီရွာပြောင်းနဲ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၃ ရက် ည ၁၀နာရီခွဲလောက်ကလည်း စစ်အာဏာရှင်လေတပ်ကနေ ဂျက်ဖိုက်တာ တစင်းနဲ့ ဂွမြို့နယ်၊ ကံ့ကော်တောင်ရွာကို ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၄ ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။











