DVB Logo
Home
မြန်မာသတင်း
သံတွဲတွင် စစ်တပ် ဗုံးထပ်ကြဲမှုကြောင့် ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ
DVB
·
July 25, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ရက်ဆက်ဗုံးကြဲတိုက်ခိုက်လို့ တယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သံတွဲမြို့နယ် ဒိုးတောင်ရပ်ကွက်ကို မနေ့မနက် ဇူလိုင် ၂၄ ရက် မနက် ၁၁ နာရီကျော်လောက်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ၁၀ နှစ်ကျော်အရွယ် ယောက်ျားလေးတယောက် သေဆုံးပြီး ဒဏ်ရာရရှိသူတချို့ ရှိနေတယ်လို့ သံတွဲဒေသခံတယောက်က ပြောပါတယ်။

“သံတွဲကိုလေ မနေ့က နေ့ရော ညပါ ဗုံးကြဲလို့ စုစုပေါင်း ၁၁ ယောက်ကျော် ဒဏ်ရာရတယ်။ ဒီနေ့မနက်ကလည်း ထပ်ပြီး ဗုံးလာကြဲလို့ ၁၀ နှစ်ကျော်အရွယ် ယောက်ျားလေးတဦး သေတယ်။ ဒဏ်ရာရရှိသူတချို့ ရှိနေတယ်။ အိမ်တွေလည်း ပျက်စီးတယ်။”

သံတွဲမြို့နယ် အမှတ် ၇ ရပ်ကွက်ကို ဇူလိုင် ၂၃ ရက် ည ၁၂ နာရီ မိနစ် ၂၀ လောက်ကလည်း စစ်တပ် ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၄ ယောက် ထပ်မံဒဏ်ရာ ရရှိခဲ့တယ်လို့ သံတွဲမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“ညဉ့်သန်းခေါင်ယံအချိန် ထပ်ပြီးလာကြဲတာ။ ၇ ရပ်ကွက်ကိုကျတယ်။ ဗုံး ၄ လုံးတောင် ကျတာ ရပ်ကွက်ထဲကို၊ အမျိုးသမီး ၃ ယောက် အမျိုးသားတယောက် ဒဏ်ရာရတယ်။ နေ့ခင်းက ငပလီကို ကြဲလို့ ၇ ယောက် ဒဏ်ရာရတယ်။”

ဇူလိုင် ၂၃ ရက် ည ၁၂ နာရီကျော်ခန့်က လေကြောင်းတိုက်ခိုက်ခံရလို့ ဒဏ်ရာရသွားသူတွေကတော့ သံတွဲမြို့ပေါ်၊ အမှတ် ၇ ရပ်ကွက်က ဒေါ်သီတာ အသက် (၅၃ နှစ်)၊ မောင်ငယ်ငယ်လွင် အသက် (၁၄ နှစ်)၊ မသက်နှင်းခိုင် အသက် (၂၀ နှစ်) နဲ့ မဝါဝါ အသက် (၂၄ နှစ်) တို့ ဖြစ်ပါတယ်။

ဇူလိုင် ၂၃ ရက် နေ့ခင်းပိုင်းမှာလည်း ငပလီမြို့ကို ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆရာတော်တပါးနဲ့ ကလေးတယောက် အပါအဝင် အရပ်သား ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ခဲ့ပါတယ်။

ခုလို စစ်အာဏာရှင်တပ်က ဒေသခံတွေကို ပစ်မှတ်ထားပြီး နေ့စဉ်ရက်ဆက် ဗုံးကြဲ သတ်ဖြတ် နေတာဟာ ငြိမ်ချမ်းရေးဆွေးနွေးဖို့အတွက် ရယ်စရာတခု ဖြစ်နေတယ်လို့ စစ်ရေးလေ့လာသူ ရခိုင်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“လူတွေကို နေ့တိုင်းသတ်နေတာက ငြိမ်းချမ်းရေးဖော်ဆောင်တာလား။ စစ်ပွဲကို ဒီထက်ဖြစ်လာ အောင် သွေးထိုးနေတာလား မသဲကွဲဘူး။ လူတွေကို သတ်နေသရွေ့ ငြိမ်းချမ်းရေးဆိုတာ ရှိလာမယ် မထင်ဘူး။”

စစ်အာဏာရှင်တပ်က ဇူလိုင်လအတွင်း သံတွဲနဲ့ ဂွကို လေကြောင်းတိုက်ခိုက်မှု အများဆုံး ပြုလုပ်ခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း များလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၉ ရက် ညနေပိုင်းကလည်း သံတွဲမြို့ကို စစ်တပ် ဂျက်တိုက်လေယာဉ် တစင်းက ၄ ကြိမ် တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013