DVB Logo
Home
မြန်မာသတင်း
မုန်းနှင့် ကျောက်ကြီးမှ ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရ
DVB
·
March 13, 2025
မုန်းနှင့် ကျောက်ကြီးမှ ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၃ နယ်မြေ၊ ပဲခူးတိုင်း၊ မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကနေ တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ် အတွင်းက ကျေးရွာတွေကို စစ်ကောင်စီရဲ့ အုန်းတောအခြေစိုက် ခမရ  ၅၉၉၊ မုန်းမြို့အခြေစိုက် ခမရ ၅၉၀ တပ်ရင်းကနေ လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချ တပ်စွဲထားတဲ့ နတ်သံကွင်း၊ ရေတွင်းကုန်း၊ အုန်းပင်စုကနေ လက်နက်ကြီးနဲ့ နေ့တိုင်းလိုလို ပစ်ခတ်နေပါတယ်။

မတ် ၉ ရက်က စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ငထွေစုတ်ကျေးရွာကို စစ်ဘေးရှောင် ရောက်ရှိနေတဲ့ ရင်းတိုက်ကုန်းကျေးရွာက ကိုယ်ဝန်ဆောင်အမျိုးသမီး နေရာမှာတင် သေဆုံးပြီး အမျိုးသားဖြစ်သူ လက်ထိဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “တောင်ပေါ် တောင်စပ်နားမှာပဲ လာပြီးတော့ နေရာတွေ ရွှေ့ထားတယ်။ ရွာထဲမှာ မနေရဲဘူး။ စစ်ရှောင်ဦးရေက ၁၀,၀၀၀ ကျော်မယ်။ ဒီဘက်အခြမ်းတွေမှာ စစ်ဘေးရှောင်လာတဲ့သူတွေအတွက် တော်တော်လေး အကြောက်တရားတွေနဲ့ ရှိနေတယ်။ ဘာကြောင့်လဲဆို လက်နက်ကြီးတွေက ရွာထဲပဲ ပစ်ပစ်ထည့်နေတော့ အခုက ထိတာများတာလည်း စစ်ဘေးရှောင်တွေပဲ ထိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် မုန်းမြို့နယ်တွင်းက အုန်းတော၊ ငါးဖယ်ဆုပ်၊ ကျွန်းတော၊ ပေါင်းလောင်းဆည်၊ တပ်ကုန်း၊ ရွာဟောင်း စတဲ့ကျေးရွာ ၁၀ ရွာနဲ့ ကျောက်ကြီးမြို့နယ်တွင်းက နတ်သံကွင်းအုပ်စု၊ ဥသျှစ်ကုန်း၊ ရေတွင်းကုန်း စတဲ့ကျေးရွာက ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီက မြေပြင်ကနေ ထိုးစစ်ဆင်မရတာကြောင့် နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “လက်နက်ကြီးပစ်ခတ်မှုက နေ့တိုင်းပဲ။ တနေရာမဟုတ် တနေရာ ပစ်နေတာပဲ။ ဒီနေ့တောင်မှ မွေးရပ်မြေက လက်နက်ကြီးသံ ကြားရတယ်။ ပြီးခဲ့တဲ့ရက်က လူနာတွေ ဒီဘက်ကို ရွှေ့ရတာရှိတယ်။ သူတို့က မြေပြင်တပ်အနေနဲ့ ထိုးစစ်ဆင်လို့မှ မရတော့တာ။ မရတော့ သူတို့မှာ လုပ်စရာက အဲဒါပဲရှိတယ်လေ။ ရန်သူရဲ့ ပစ်မှတ်ကို အတိအကျမသိဘဲ ပစ်သလို ဖြစ်နေတယ်။ တိုက်ပွဲသေးသေးလေးဖြစ်လည်း လေယာဉ်နဲ့ချတာပဲ။ တိုက်ပွဲမဖြစ်လည်း ချချင်လာချတယ်” လို့ ပြောပါတယ်။

တပ်မဟာ ၃ နယ်မြေမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁၀၀ ကျော်၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှု ၁၉ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၄ ယောက် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၃၅ လုံး၊ ဘာသာရေးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် အကြောင်းမဲ့ ဖမ်းဆီးခံရသူ တယောက် ရှိခဲ့တယ်လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့က မတ် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013