DVB Logo
Home
နိုင်ငံတကာ
ဩစတြေးလျအမျိုးသား ၁ ဦး နှလုံးအစားမထိုးမီ တိုက်တေနီယမ်နှလုံးတုဖြင့် ရက် ၁၀၀ အထိ နေထိုင်နိုင်ခဲ့
DVB
·
March 13, 2025
ဩစတြေးလျအမျိုးသား ၁ ဦး နှလုံးအစားမထိုးမီ တိုက်တေနီယမ်နှလုံးတုဖြင့် ရက် ၁၀၀ အထိ နေထိုင်နိုင်ခဲ့
Donate to DVB

ဩစတြေးလျနိုင်ငံက အမျိုးသားတယောက်ဟာ နှလုံးအစားထိုးဖို့ စောင့်ဆိုင်းနေချိန်မှာ တိုက်တေနီယမ် နှလုံးတုနဲ့ ရက် ၁၀၀ အထိ နေထိုင်ခဲ့ပြီး ဒီနည်းပညာနဲ့ အရှည်ကြာဆုံး နေထိုင်နိုင်မှုအဖြစ်ပါ စံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၀ ဝန်းကျင် အမည်မဖော်တဲ့ အမျိုးသားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက ဆစ်ဒနီက စိန့်ဗင်းဆင့်ဆေးရုံမှာ ခွဲစိတ်ပြီး တိုက်တေနီယမ်နှလုံးတု ထည့်ခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလမှာတော့ အဲဒီနှလုံးတုကြီးနဲ့ပဲ ဆေးရုံဆင်းနိုင်ခဲ့ပြီး ဒါဟာ ကမ္ဘာမှာ ပထမဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ဒီလအစောပိုင်းမှာတော့ နှလုံးအလှူရှင် မရခင်အထိ ဒီနှလုံးအတုနဲ့ပဲ ရှင်သန်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာလည်း အဆိုပါအမျိုးသားဟာ နှလုံးအစားထိုးပြီးနောက် ပြန်လည်ကျန်းမာလာပြီလို့ စိန့်ဗင်းဆင့်ဆေးရုံ၊ မိုနက်ရှ်တက္ကသိုလ်နဲ့ စက်တီထွင်တဲ့ BiVACOR ကုမ္ပဏီတို့က ထုတ်ပြန်ပါတယ်။

နှလုံးချွတ်ယွင်းတဲ့ လူနာတွေမှာ အစားထိုးဖို့ နှလုံးမရသေးခင် ကာလရှည် အသက်ဆက်ပေးနိုင်ဖို့ အတွက်သာမကဘဲ နောင်ကျရင် ဒီနှလုံးတုနဲ့ပဲ ရေရှည်နေသွားနိုင်ဖို့အထိ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

ဒီစက်ကို လက်ရှိမှာ စမ်းသပ်ဆဲဖြစ်ပြီး အများပြည်သူသုံးစွဲဖို့ ခွင့်ပြုချက် မရသေးပါဘူး။ BiVACOR ကုမ္ပဏီ တည်ထောင်သူ ဩစတြေးလျ ဇီဝအင်ဂျင်နီယာ ဒန်နီယယ် တင်းမ်စ်ဟာ ဖခင်ဖြစ်သူ နှလုံးရောဂါနဲ့ သေဆုံးခဲ့ရအပြီးမှာ ဒီစက်ကို ထွင်ခဲ့တာ ဖြစ်ပါတယ်။

BiVACOR ရဲ့ Total Artificial Heart (TAH) ဟာ ခန္ဓာကိုယ်နဲ့ အဆုတ်ထဲကို သွေးလွှတ်ပေးနိုင်ပြီး ချွတ်ယွင်းနေတဲ့ နှလုံးရဲ့ သွေးပြန်ခန်း နှစ်ခုစလုံးနေရာကို အစားထိုးပေးနိုင်ပါတယ်။

နှလုံးသွေးကြောရောဂါတွေဟာ ကမ္ဘာမှာ သေဆုံးစေတဲ့ အဓိက အကြောင်းရင်းတခုဖြစ်ပြီး ဒီရောဂါတွေကြောင့် နှစ်စဉ် လူ ၁၈ သန်းလောက် သေဆုံးနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013