
မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်ဖို့ စီစဉ်ခဲ့သူ ဩစတြေးလျနိုင်ငံသား အမျိုးသားတယောက်ကို နိုင်ငံခြားကျူးကျော်ဝင်ရောက်မှုဆိုင်ရာ ပြစ်မှုနဲ့ တရားစွဲဆိုလိုက်တဲ့ အကြောင်း ABC ဩစတြေးလျသတင်းတပုဒ်မှာ မတ် ၂၆ ရက်က ဖော်ပြပါတယ်။
ကွင်းစလန်ပြည်နယ်သား အသက် ၃၃ နှစ်အရွယ် အက်တီလီယို အိုင်ဗာ ဖိလစ် ဒါ လာဗေးလ်ဟာ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့တဖွဲ့နဲ့ ပူးပေါင်းကာ တိုက်ခိုက်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ စီစဉ်ခဲ့တယ်လို့ ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့က စွပ်စွဲထားတာပါ။
ဒါလာဗေးလ်ဟာ အခုနှစ် ဇန်နဝါရီလအတွင်းက ထိုင်းနိုင်ငံဆီ သွားရောက်ခဲ့ကြောင်း၊ အဲဒီကမှတဆင့် မြန်မာနိုင်ငံဆီ ဆက်လက်ထွက်ခွာကာ ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တခုနဲ့ ပူးပေါင်းဖို့ ကြံစည်ခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်က ဘရစ်စဘိန်းလေဆိပ်ဆီ လေယာဉ်နဲ့ ပြန်လည် ရောက်ရှိလာချိန်မှာ ဖမ်းခံခဲ့ရတာဖြစ်ပြီး ရဲတပ်ဖွဲ့က ရော့ခ်ဟမ်းတန်ရှိ နေအိမ်တလုံးကိုလည်း ဝင်ရောက်ရှာဖွေခဲ့သလို အခုလာမဲ့ မေလမှာ ပြန်လည်ရုံးထုတ်ဖို့ ချုပ်မိန့် ရမန်ပေးထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သိမ်းဆည်းရမိထားတဲ့ ပစ္စည်းတွေထဲမှာတော့ သူ့ရဲ့ ခရီးဆောင်အိတ်ထဲက ညကြည့်မှန်ပြောင်းနဲ့ စစ်ဘက်ဆိုင်ရာ တံဆိပ်တွေကို နယ်စပ်ဖြတ်ကျော် စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေး တွေ့ရှိခဲ့တဲ့အပြင် သူ့ရဲ့ အီလက်ထရောနစ် ပစ္စည်းတွေထဲမှာလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့က စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ လက်ထောက်ရဲမင်းကြီး စတီဖင်နပ်ထ်က နိုင်ငံပြင်ပ ထွက်ခွာကာ ပြည်ပနိုင်ငံတွေက တိုက်ခိုက်မှုတွေမှာ ပါဝင်တာက ပြင်းထန်တဲ့ ရာဇ၀တ်မှု ဖြစ်ကြောင်း သတိပေးပြောလိုက်သလို အခုလို နိုင်ငံခြားကျူးကျော်ဝင်ရောက်မှုဆိုင်ရာ ပြစ်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်တသက်တကျွန်းအထိ ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။
Source: ABC










