
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ အရှေ့ပိုင်းမြို့တွေကို M23 သူပုန်တွေ သိမ်းပိုက်ထားလို့ ဘဏ်တွေ ပိတ်ထားပြီး ဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ လည်ပတ်သုံးစွဲဖို့နဲ့ အခြေခံအရောင်းအဝယ်ပြုလုပ်ဖို့ ငွေသားရယူနိုင်ရေး ရုန်းကန်နေရတာကြောင့် ငွေကြေး မတည်ငြိမ်မှုနဲ့ ကြုံနေရပါတယ်။
ဂိုမာနဲ့ ဘူကာဗူမြို့တွေကို M23 သူပုန်တွေ သိမ်းပိုက်ထားမှုကို အစပြုလို့ ဘဏ်တွေကို ပိတ်လိုက်တာကနေ ကွန်ဂိုဗဟိုဘဏ်ရဲ့ ပြည်နယ်ရုံးခွဲနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေ အားလုံးကိုပါ ပိတ်လိုက်ရတာကြောင့် ငွေဖြစ်လွယ်မှု အကျပ်အတည်း ဖြစ်ခဲ့ရပြီး ပြည်တွင်းစီးပွားရေးကို ထိခိုက်စေခဲ့ပါတယ်။
မရှိမဖြစ် လိုအပ်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ရရှိရေး အခက်အခဲတွေကို ဒေသခံတွေက တင်ပေကြပြီး အဆင်မပြေတဲ့ ငွေလဲနှုန်းတွေကြောင့်လည်း ပြည်တွင်းသုံးငွေရဲ့ ဝယ်ယူနိုင်စွမ်းအားကို ကျဆင်းစေခဲ့ပါတယ်။
အမေရိကန်ဒေါ်လာတွေ ရှားပါးလာမှုကြောင့် အခြေခံလိုအပ်ချက်တွေအတွက် ဈေးနှုန်းတွေ တဟုန်ထိုး တက်သွားပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေက ပိုမိုဆိုးရွားလာခဲ့ပါတယ်။
ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပြီး ငွေကြေးလဲလှယ်သူတွေနဲ့ ကုန်ရောင်းကုန်ဝယ် လုပ်သူတွေဟာ သိသိသာသာ လုပ်ငန်းကျဆင်းမှုတွေကို ရင်ဆိုင်နေကြရပါတယ်။
ဒီအကျပ်အတည်းကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီကနေ ကုန်သွယ်မှုစီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေပြီး ဒေသတွင်း အလုံးစုံစီးပွားရေး မတည်ငြိမ်မှုတွေကို ဖြစ်စေခဲ့ပါတယ်။
ဒီအခြေအနေအတိုင်း ဆက်ရှိသွားရင် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းတွေနဲ့ တခြားဘဏ်တွေအတွက် ဒေဝါလီခံရနိုင်ခြေ အပါအဝင် ရေရှည်အကျိုးဆက်တွေကို ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Source : Reuters











