
ရုရှားစစ်ခုံရုံးက ဝါရင့်စစ်သတင်းထောက် နာဒက်ရှ်ဒါ ခဲ့ဗော်ခိုဗာကို အကြမ်းဖက်ဝါဒကို အမှန်အဖြစ် လက်ခံအောင် လုပ်မှုအတွက် အပြစ်ရှိတယ်လို့ စွပ်စွဲပြီး မတ် ၁၂ ရက်မှာ ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၆,၉၀၀ နဲ့ ညီမျှတဲ့ ဒဏ်ငွေ ရူဘယ် ၆ သိန်း ပြစ်ဒဏ် ချမှတ်လိုက် ပါတယ်။
ခဲ့ဗော်ခိုဗာဟာ စုံစမ်းစစ်ဆေးမှုနဲ့ ရုံးတင်စစ်ဆေးမှုတွေတလျှောက် အချုပ်အနှောင်ကနေ လွတ်မြောက်ခဲ့တယ်လို့ တရားခွင်ကိုရောက်နေတဲ့ ရိုက်တာ သတင်းထောက်က ပြောပါတယ်။
အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ခဲ့ဗော်ခိုဗာဟာ အရှေ့အလယ်ပိုင်းမှာ သတင်းတွေကို အကျယ်တဝင့်ရေးသား ဖော်ပြခံ့သူဖြစ်ပြီး ပါလက်စတိုင်နဲ့ ပတ်သက်တဲ့ စာအုပ်တွေအများကြီးကို ရေးသားခဲ့သူပါ။
သူဟာ ၂၀၂၄ ခုနှစ် မေလမှာ မော်စကိုမြို့တော်မှာ ဖမ်းဆီးခံခဲ့ရအပြီး သူ့မှာ အပြစ်မရှိဘူးလို့ တောက်လျှောက် ပြောခဲ့ပါတယ်။
ခဲ့ဗော်ခိုဗာက"ကျမဘယ်တုန်းကမှ မထောက်ခံခဲ့သလို ဘယ်နိုင်ငံရေးအဖွဲ့အစည်းကိုမှလည်း မထောက်ခံဖူးပါဘူး။ အကြမ်းဖက်လုပ်ရပ်ကို ကျမ မထောက်ခံပါဘူး"လို့ တရားရုံးမှာ ပြောခဲ့တဲ့အကြောင်း ရုရှားရဲ့ လွတ်လပ်တဲ့ မီဒီယာ မီဒီယာဇိုနာက ကိုးကားဖော်ပြခဲ့ပါတယ်။
အာဖဂန်နစ္စတန်က တာလီဘန်တွေအကြောင်း သူ့ရဲ့ Telegram မှာရေးခဲ့တဲ့ ပို့စ်တခုကို အကြောင်းပြုပြီး သူ့ကို တရားစွဲခဲ့တာလို့ သူ့ ရှေ့နေက ပြောပါတယ်။
ရုရှားဟာ တာလီဘန်တွေကို ၂၀၀၃ ခုနှစ်မှာ အကြမ်းဖက်စာရင်းထဲမှာ ထည့်သွင်းခဲ့ပေမဲ့ လွန်ခဲ့တဲ့ ဒီဇင်ဘာလမှာ တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်း စာရင်းထဲကနေ ဖယ်ဖို့ ခွင့်ပြုထားတဲ့ ဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။
အာဖဂန်အကျဉ်းထောင်တွေထဲက တိုက်ခိုက်ရေးသမားတွေကို လွှတ်ပေးဖို့ တာလီဘန်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို သက်ဆိုင်ရာက စက်တင်ဘာ ၂၀၂၀ မှာ ဖော်ပြခဲ့တယ်လို့ မီဒီယာဇိုနာက ရေးသားခဲ့ ပါတယ်။
ရုရှားမှာ မီဒီယာနဲ့ အသက်မွေးဝမ်းကြောင်းသူ အယောက် ၄၀ ထက်မနည်း ထောင်ကျနေတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပြောထားပါတယ်။
Source: Reuters










