
လွန်ခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး သံသယရှိသူ ၁၀ ယောက်ကို အစ္စရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။
အကြမ်းဖက်မှုတွေထဲမှာ ဝါရှင်တန်ပို့စ်သတင်းစာက ဓာတ်ပုံသတင်းထောက်တယောက်နဲ့ ဥရောပ သံတမန်တွေအပေါ် သီးခြားစီ တိုက်ခိုက်ခံရမှုတွေလည်း ပါပါတယ်။
အစ္စရေးရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ အမေရိကန်က အခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့၊ ဝါရှင်တန်ပို့စ်သတင်းဌာန ဓာတ်ပုံသတင်းထောက်အပေါ် တိုက်ခိုက်မှု ကျူးလွန်သူတွေကို ဖမ်းဆီးဖို့ တိုက်တွန်းထားပါတယ်။
တိုက်ခိုက်ခံရတဲ့ သံတမန်တွေရဲ့ မိခင်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဘယ်လ်ဂျီယံနဲ့ ပိုလန်နိုင်ငံတို့ကလည်း အရေးယူဆောင်ရွက်ဖို့ အစ္စရေးကို တောင်းဆိုခဲ့ကြပါတယ်။
သံသယရှိသူတွေကို မနက်ခင်း အလင်းမရမီအချိန်ကလုပ်တဲ့ စစ်ဆင်ရေးတခုမှာ ဖမ်းဆီးခဲ့တာပါ။ သူတို့ဟာ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်ခြင်း၊ စစ်ဘက်ဆိုင်ရာ ပိတ်ပင်ထားတဲ့ ဇုန်အတွင်း ဝင်ရောက်ခြင်းနဲ့ တရားမဝင် ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခြင်းတို့မှာ ပါဝင် ပတ်သက်တယ်လို့ သံသယရှိထားတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့က အမည်မဖော်တဲ့ သံသယရှိသူတွေကို စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားပါတယ်။
သူတို့က အစ္စရေးနိုင်ငံသားတွေဖြစ်တယ်လို့ အစ္စရေးစစ်တပ်ရဲ့ ရေဒီယိုဌာန (Army Radio) က ဖော်ပြထားပါတယ်။
အစ္စရေး အခြေချနေထိုင်သူတွေကို တရားစွဲဆို အရေးယူမှုမျိုးက အလွန်ရှားပါတယ်။ စစ်ဆင်ရေးမှာ ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ ပြည်တွင်းလုံခြုံရေးဌာန ရှင်းဘတ်တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
Source: Reuters











