DVB Logo
Home
မြန်မာသတင်း
စစ်တွေက ထွက်ခွာမည့်သတင်း မဟုတ်မှန်ဟု WFP ပြော
DVB
·
March 12, 2025
စစ်တွေက ထွက်ခွာမည့်သတင်း မဟုတ်မှန်ဟု WFP ပြော
Donate to DVB

တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလသာ ဖြစ်တယ်လို့ WFP တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။

စစ်တွေမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြတဲ့ စစ်ရှောင် ၈,၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက WFP ရဲ့ ကူညီထောက်ပံ့မှု ရပ်တန့်သွားခဲ့တာကြောင့် စားဝတ်နေရေးကို ခက်ခက်ခဲခဲ ဖြေရှင်းနေကြရတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ဒါပေမဲ့ မတ်လ ပထမအပတ်ထဲမှာတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နေတဲ့ WFP ဟာ စစ်ဘေးရှောင် ပြည်သူတွေအတွက် လူတယောက်ကို အထောက်အပံ့ ၂ လစာ ဆိုပြီး ပေးအပ်ခဲ့ပါတယ်။

ဒါကြောင့် WFP အနေနဲ့ အထောက်အပံ့ ၂ လစာပေးပြီးတော့ စစ်တွေမြို့အခြေစိုက် WFP ရုံး အပါအဝင် ဝန်ထမ်းတွေပါ စစ်တွေမြို့ကနေ ထွက်ခွာတော့မယ်ဆိုပြီး စစ်ရှောင်တွေနဲ့ စစ်ရှောင်ကူညီပေးသူတွေကြားမှာ သတင်းတွေ ထွက်ပေါ်နေတာပါ။

WFP တာဝန်ရှိသူတယောက်က “ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ WFP ရုံး ပိတ်သိမ်းမယ် ဆိုပြီးတော့ ထွက်နေတဲ့သတင်းတွေက တကယ်တော့ ကောလာဟလတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ WFP အနေနဲ့ စစ်တွေမြို့မှာ အခြေစိုက်ထားတဲ့ရုံးကို ပိတ်သိမ်းတာမျိုး မရှိတဲ့အပြင် ခု ရခိုင်ပြည်နယ် တဝန်းမှာရှိတဲ့ အကူအညီ လိုအပ်နေသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ အာဟာရအကူအညီတွေ ပေးအပ်သွားနိုင်ဖို့ ကျနော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မေလကုန်ပိုင်းကစပြီး စစ်တွေမြို့၊ ဗျိုင်းဖြူရွာ အပါအဝင် ကျေးတော၊ ရွှေပြည်သာ၊ အမြင့်ကျွန်း၊ ရေချမ်းပြင်၊ သင်းပုန်းတန်း၊ ပါဒလိတ်၊ နာရီကန် စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတွေကို စစ်ကောင်စီက အတင်းအဓမ္မ နှင်ထုတ်ခဲ့ပါတယ်။

ဒါကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင် ၈,၀၀၀ ကျော်ဟာ စစ်တွေမြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းမှာ ဖြစ်သလို ခိုလှုံနေထိုင်နေရတာဟာ လက်ရှိအချိန်ထိပဲ ဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ကျောင်း‌ပေါင်း ၅၃ ကျောင်းရှိတဲ့အထဲက ၄၆ ကျောင်းကို WFP က ထောက်ပံ့ကူညီပေးနေတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်ကူညီပေးသူက “WFP က အရင်က လူတယောက်ကို ၅၀,၀၀၀ ပေးတယ်၊ ၁၂ လပိုင်းကတည်းက မပေးတော့တာပါ။ ဒါကြောင့် စားဝတ်နေရေးက ခက်ခဲနေကြတာပေါ့။ ဒီလမှာတော့ WFP က လူတယောက်ကို ၂ လစာပေးမယ် ပြောပါတယ်။ ပြီးရင် ရပ်တော့မယ်ဆိုပြီး ပြောတယ်။ WFP က မပေးတော့ဘူးဆိုတော့ တချို့စစ်ရှောင်တွေဆိုရင် ငိုနေကြတယ်လေ။ ဦးပဥ္စင်းတို့က လာလှူတဲ့ ဒါယကာတွေဆီကရမှပဲ စစ်ရှောင်တွေကို ပြန်ပြီးပေးရတာပေါ့။ ဦးပဥ္စင်းတို့ အနေနဲ့ ကျတော့လည်း စစ်ရှောင်ဦးရေ များတာကြောင့် ငွေကြေးအခက်အခဲရှိပြီး မတတ်နိုင်တာတွေ များပါတယ်။ ဒါပေမဲ့ အခုလိုမျိုး မထွက်ခွာဘူးဆိုတာ ကြားရတော့ ဝမ်းသာပါတယ်။ ဘာပဲဖြစ်ဖြစ် စားဖို့သောက်ဖို့က အနည်းအကျဉ်းပဲဖြစ်ဖြစ် ကာမိမှါပဲလေ” လို့ ပြောပါတယ်။

ဒါကြောင့် နေရပ်စွန့်ခွာပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ လူသားချင်းစာနာမှု အကူအညီတွေ ရရှိနိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။

လက်ရှိ စစ်တွေမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ အခုရက်ပိုင်းအတွင်း လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013