
ကမ္ဘာတဝန်းက လူထောင်ပေါင်းများစွာဟာ လူများစုနဲ့ လိင်စိတ်တိမ်းညွတ်မှု ကွဲပြားသူတွေကို ဂုဏ်ပြုတဲ့ပွဲဖြစ်တဲ့ Pride ပွဲမှာ ပူးပေါင်းဖို့ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ မေ ၃၁ ရက်မှာ စုဝေး ချီတက်ခဲ့ကြတာမှာ သက်တံရောင်စဉ်တွေ ဖုံးလွှမ်းသွားပါတယ်။
Pride Month ဖြစ်တဲ့ ဇွန်လအတွင်း နှစ်စဉ် ကျင်းပလေ့ရှိတဲ့ စီတန်းလှည့်လည်ပွဲကြောင့် ဘန်ကောက်မြို့လယ်ရှိ စီလုံလမ်းမတွေပေါ်မှာ အရောင်အသွေးစုံ၊ ဂီတနဲ့ ပွဲတော်တွေ ပြည့်နှက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
မီတာ ၅၀၀ ရှည်တဲ့ သက်တံရောင်စဉ် Pride အလံဟာ စီလုံလမ်းတလျှောက် လွင့်မျောနေပြီး နာရာရွမ် လမ်းဆုံကနေ ဘန်ကောက်ရဲ့ အထင်ကရ ခရိုင်တွေရဲ့ အဓိကနေရာတွေကို ဖြတ်သန်းသွားခဲ့ပါတယ်။
စီတန်းလှည့်လည်ပွဲဟာ ချောင်နွံစီ တူးမြောင်းပန်းခြံမှာ စတင်ခဲ့ပြီး စီလုံလမ်းကတဆင့် ၄ ဒသမ ၈ ကီလိုမီတာ ရှည်လျားတဲ့ လမ်းကြောင်းကို ဖြတ်သန်းရင်း ရာမာဝမ်းလမ်းမှာ အဆုံးသတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက လူတွေ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ဘန်ကောက်မြို့ရဲ့ စီလုံလမ်းတွေပေါ်မှာ လူအုပ်ကြီး ပြည့်နှက်နေခဲ့ပါတယ်။
အခုနှစ်ပွဲကို “ဂုဏ်ယူစွာနဲ့ ကမ္ဘာကြီးကို အလှဆင်ပါ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။










