
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့မှာ မြန်မာနိုင်ငံက တောင်းရမ်းစားသောက်သူတွေ ဝင်ရောက်လာပြီး လာရောက်တောင်းစားနေကြတယ်လို့ Maesaipress ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
လက်ရှိ ထိုင်း-မြန်မာ နှစ်နိုင်ငံအဝင်အထွက်ပေါက်မှာ ထိုင်းနိုင်ငံသားတွေ မြန်မာဘက်ခြမ်းကို အသွားနည်းပြီး မြန်မာဘက်ကလူတွေ အဝင်များလာပြီး သူတောင်းစားတွေလည်း ပါလာတာလို့ ဆိုပါတယ်။
အရင်ကလည်း မြန်မာဘက်က သံဃာတွေ လာပြီးဆွမ်းခံကြတယ်၊ မနက်စောစောဆိုရင် ထိုင်းဘက်က သံဃာတွေ ဆွမ်းခံကြွပြီး နေမြင့်လာတော့ မြန်မာဘက်ကသံဃာတွေ ဆွမ်းလာခံတယ်၊ မနက်ပိုင်းဆိုရင် မယ်ဆိုင်မှာ သင်္ကန်းရောင်တွေ လွှမ်းနေတာပဲ၊ တာဝန်ရှိသူတွေက စစ်ဆေးဖမ်းဆီးတော့ ဟိုဘက်ကလာပြီး ဆွမ်းခံတာတွေ ပျောက်သွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ခုနောက်ပိုင်းကျတော့ တောင်းရမ်းစားသောက်သူတွေ ပြန်ဝင်လာတယ်၊ တိုင်းရင်းသားလူမျိုး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ပါဝင်တယ်၊ တအုပ်တမ ဝင်ရောက်လာပြီး မနက်ကနေ ညနေထိ လူစုခွဲပြီး တောင်းရမ်းစားသောက်ကြတယ်။ အရင်ကလည်း ဖမ်းပြီးပြန်ပို့တာ ရှိခဲ့ပါတယ်။ အခုလည်း ပြန်ဝင်လာပြန်ပြီ။ တဖွဲ့ကို ၄- ၅ ယောက်ရှိတယ်။ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“ထိုင်းလူမျိုးတွေ စိတ်မပျော့ပါနဲ့၊ မဟုတ်ရင် အစုလိုက်အပြုံလိုက် ထပ်ပြီးဝင်လာမယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းတွေက စိတ်ကောင်းရှိတယ်၊ သနားကြင်နာစိတ်ရှိတယ်” လို့ ထိုင်းသတင်းမှာ ရေးသားထားပါတယ်။