DVB Logo
Home
မြန်မာသတင်း
တောင်သာမြို့နယ်၌ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
March 12, 2025
တောင်သာမြို့နယ်၌ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး
1 / 4
Donate to DVB

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ၂ ရက်ဆက်တိုက် ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ သေဆုံး ဒဏ်ရာရခဲ့ကြကာ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ ပျက်စီးသွားခဲ့တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီဆီကနေ သိရပါတယ်။

ဇရပ်ကြီးရွာ၊ ထန်းပင်ကန်ရွာနဲ့ အေးကြင်းရွာတွေကို စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာလို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

မတ် ၁၀ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ တောင်သာမြို့နယ်ထဲက အေးကြင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၂၀ ဝန်းကျင် ရွာခံအမျိုးသမီး တယောက် နေရာမှာတင် သေဆုံးကာ အမျိုးသားတယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို အေးကြင်းဘုန်းကြီးကျောင်း ဘုရားဝင်းအတွင်းက ဓမ္မာရုံ အပါအဝင် ဘာသာရေး အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မတ် ၁၁ ရက် မနက်စော ၂ နာရီဝန်းကျင်ကလည်း မိတ္ထီလာလေတပ်စခန်းကနေ တက်လာတဲ့ စက်တပ်လေထီး ၂ စီးဟာ ဇရပ်ကြီးကျေးရွာထဲက အပိုင်း ၁၊ ၂၊ ၃၊ ၅ တွေနဲ့ ထန်းပင်ကန်ကျေးရွာ အနောက်မြောက်ဘက်က တောထဲကို ဗုံးသီး ၈ လုံးနဲ့ ထပ်မံကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက်လည်း လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုကြည်စတားက “အဲဒီ ဇရပ်ကြီးနဲ့ ထန်းပင်ကန်ရွာတွေက အရင်လထဲကလည်း လေကြောင်းတိုက်ခိုက် ခံခဲ့ရသေးတယ်ဗျ။ စစ်တပ်ရဲ့ ပြည်သူအပေါ် ယုတ်မာရက်စက်မှုတွေက ​အထူးပြောပြစရာ မလိုတော့ပါဘူး။ ကျနော်တို့ တောင်သာနယ်ထဲက ရွာတွေကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲခံနေရတယ်ဆိုတာ ပြည်သူအားလုံး သိကြပြီးဖြစ်တဲ့အတိုင်းပါပဲ။ ပြည်သူကိုသတ်ဖြတ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖက်ဆစ်တပ်က သက်သက်မဲ့ ဖျက်ဆီးနေတာ။ အခုဖြစ်စဥ်ကလည်း တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ လေကြောင်းကနေ သက်သက်မဲ့ ဗုံးကြဲသွားခဲ့တာပါ” လို့ ပြောပါတယ်။

အခုဗုံးကြဲခံရတဲ့ ထန်းပင်ကန်ကျေးရွာကို ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ ကြိမ်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဓမ္မာရုံအဆောက်အအုံတလုံး၊ လူနေအိမ် ၅ လုံးနဲ့ ကျေးရွာပိုင် 200 KVA ထရပ်စဖော်မာတလုံးတို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း ဇရပ်ကြီးကျေးရွာ အနောက်ဘုရားကြီးကုန်းပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုရားတိုက်နဲ့ ဇရပ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဆိုပါကျေးရွာတွေက ဒေသခံ ပြည်သူတွေဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

စစ်ကောင်စီထောက်ခံသူတွေကတော့ အဆိုပါကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ခိုအောင်းနေတဲ့အတွက် လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လူမှုကွန်ရက်တွေနဲ့ တယ်လီဂရမ် ချယ်နယ်တွေမှာ ရေးသားဖော်ပြနေကြပေမဲ့ DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

တောင်သာမြို့နယ်ထဲက ဒေသခံပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ လေကြောင်းရန် သတိပေး ထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့် လိုက်နာပေးကြဖို့နဲ့ ရဟန်းသံဃာတော်တွေနဲ့ ပြည်သူအချင်းချင်းတွေ ကြားမှာလည်း စစ်တပ်ရဲ့ လေယာဥ်သံကြားရင် အချက်ပေးပြီး ကြိုတင်ရှောင်ရှားနိုင်မယ့် အစီအမံတွေကို အရေးပေါ် ပြုလုပ်ကြဖို့ မေတ္တာရပ်ခံ​ထားတယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီနဲ့ တောင်သာမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013