DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာက စစ်အုပ်စုအပေါ်  ပိတ်ဆို့ဒဏ်ခတ်မှုပေါင်း အကြိမ် ၇၀ ပြုလုပ်ခဲ့
DVB
·
March 11, 2025
နိုင်ငံတကာက စစ်အုပ်စုအပေါ်  ပိတ်ဆို့ဒဏ်ခတ်မှုပေါင်း အကြိမ် ၇၀ ပြုလုပ်ခဲ့
Donate to DVB

စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုပေါင်း အကြိမ် ၇၀ ပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံက ပိတ်ဆို့ဒဏ်ခတ်မှု ၂၆ ကြိမ်နဲ့ အများဆုံးပြုလုပ်ခဲ့တာလို့ DVB ရဲ့ စိစစ်ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အာဏာသိမ်း ၄ နှစ်ကျော်လာချိန်မှာတော့ နိုင်ငံတကာက စစ်ကောင်စီရဲ့ လက်အောက်ခံ အဖွဲ့အစည်း လူပုဂ္ဂိုလ်နဲ့ ပတ်သက်ဆက်နွှယ်သူတွေအပေါ် အရေးယူဒဏ်ခတ်မှုပေါင်း အကြိမ် ၇၀ ပြုလုပ်ခဲ့တယ်လို့ DVB ဒေတာအဖွဲ့ ရဲ့ ကောက်ယူထားမှုအရ သိရပါတယ်။

အဲဒီအထဲ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေက အများဆုံးဖြစ်ပြီး  ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူဒဏ်ခတ်မှုပေါင်း အကြိမ် ၂၀ နဲ့ လူပုဂ္ဂိုလ် ၉၃ ယောက်နဲ့  အဖွဲ့အစည်း ၄၉ ခုကို ဒဏ်ခတ်ထားတဲ့အပြင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) လည်း ပါဝင်ပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနကလည်း စုစုပေါင်း ၆ ကြိမ်နဲ့ အဖွဲ့အစည်း ၁၇ ခုကို ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

နောက်ဆုံးအနေနဲ့ မတ် ၆ ရက်က ကနေဒါအစိုးရအနေနဲ့ မြန်မာစစ်တပ်လက်အောက်ခံ အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၁၃ ယောက်တို့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ လက်ရှိအချိန်ထိ ကနေဒါအစိုးရက အရေးယူဒဏ်ခတ်မှု ၁၁ ကြိမ် ရှိလာခဲ့ပြီး လူပုဂ္ဂိုလ် ၁၀၅ ယောက်နဲ့ အဖွဲ့အစည်း ၄၈ ခုကို ဒဏ်ခတ်ထားခဲ့တာပါ။

နိုင်ငံတကာအနေနဲ့ စုပေါင်းအရေးယူမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မူလန်က တိုက်တွန်းပါတယ်။

“ကနေဒါနိုင်ငံက စစ်အုပ်စုအဖွဲ့ဝင် ၁၃ ဦးနဲ့ အဖွဲ့အစည်း ၃ ခုပေါ့။ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာစစ်တပ်နဲ့ အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်တို့ကို ဒဏ်ခတ်ပိတ်ဆို့တဲ့အပေါ် ကြိုဆိုပါတယ်။ ဒီပိတ်ဆို့မှုက စစ်အုပ်စုနဲ့ နိုင်ငံတကာ ရာဇဝတ်မှုနဲ့ စနစ်တကျကျူးလွန်နေတဲ့ ဆိုးဝါးလှတဲ့ အကြမ်းဖက်မှု လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တုံ့ပြန်အရေးယူတယ် ဆိုသော်လည်းပဲ စစ်အုပ်စုကတော့ ဆက်လက်ကျူးလွန်နေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုအရေးယူတာထက် ပိုတဲ့ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ လိုအပ်နေဆဲမို့လို့ ဖြစ်ပါတယ်။ ကနေဒါနဲ့အတူ  နိုင်ငံတကာအစိုးရတွေအနေနဲ့ ဒီလို ပိတ်ဆို့အရေးယူမှုတွေကို coordinate ဖြစ်ဖြစ် ထိထိရောက်ရောက် စုပေါင်းအရေးယူဖို့က လိုပါတယ်၊ အင်မတန်အရေးကြီးပါတယ်။”

အမေရိကန်ပိတ်ဆို့မှုတွေထဲ စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေကို ၂၀၂၃ ခုမှာ အရေးယူထားပေမဲ့ နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ် (MEB) ကနေ စစ်တပ်အတွက် နိုင်ငံခြားငွေ ဆက်လက်ရှာဖွေ ပေးနိုင်တာနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ အစိုးရလက်ထက် စီးပွားရေးအကြံပေး ရှောင်တာနယ်က  သုံးသပ်ပြောဆိုပါတယ်။

“ဘဏ္ဍာရေးပိတ်ဆို့မှုတွေမှာ အချိတ်အဆက်မိမိ လုပ်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ အများစုကို ချမှတ်တာကတော့ အမေရိကန်ပြည်ထောင်စုပါ။ စင်ကာပူလိုနိုင်ငံမျိုးကတောင် ပါဝင်လာပါတယ်။ ဒါပေမဲ့ ပြဿနာက တယောက်တမျိုးစီ လုပ်နေကြတာပါ။ အချိတ်အဆက်မိမိ လုပ်နိုင်ဖို့ လိုနေပါသေးတယ်။ အဲဒီတော့ စစ်အာဏာရှင်အနေနဲ့ ဟာကွက်တွေကိုရှာပြီး အသုံးချလို့ ရနေပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်နိုင်မှသာ ဟာကွက်တွေ အကုန်လုံးကို ပိတ်ဆို့ပစ်နိုင်ပါလိမ့်မယ်။”

ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေက နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ခံစားခဲ့ရပေမဲ့ နွေဦးတော်လှန်ရေး နောက်ပိုင်းမှာ အရေးမှုတွေက ပြင်းထန်ကြောင်းနဲ့ စစ်ကောင်စီခေါင်းဆောင်နဲ့ အပေါင်းအပါတွေကိုပါ အထိနာစေကြောင်း စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးမှ တိုင်းပြည်နဲ့ ပြည်သူကို ဒုက္ခပေးတဲ့ အတွက်ကြောင့်မို့လို့ အင်တာနေရှင်နယ်ဆန်ရှင်တွေက တင်လာတာ၊ အခုမှမဟုတ်ဘူး တကျော့ပြန်လုပ်တာ။ အခုတခါကျတော့ မအလက ဒုတိယတကြိမ်လည်း ဖြစ်လာတယ်၊ တောင့်ခံဖို့ လုပ်ပေမဲ့ ပိတ်ဆို့မှုက ပြင်းထန်တယ်။ အဲဒီဖိအားကြောင့် မအလမှာ နိုင်ငံတကာနဲ့ ကုန်သွယ်တဲ့နေရာမှာ အကျပ်အတည်းဖြစ်လာတယ်။ အဲဒါကြောင့် ထိခိုက်မှုရှိတယ်၊ နိုင်ငံတကာသုံးငွေဖြစ်တဲ့ ဒေါ်လာရဲ့ အသုံးအစွဲက ပိုပြီးများတဲ့အခါ ဒေါ်လာကို ပိတ်ဆို့တဲ့အခါ အဲဒီမှာ မအလက ပိုပြီး အကျပ်အတည်းဖြစ်တယ်။ ဒါကြောင့် ပိတ်ဆို့မှုတွေက မအလ အရှိုက်ကို ထိစေတယ်။”

စစ်ခေါင်းဆောင်က “အရေးယူပိတ်ဆို့မှုတွေဟာ အခွင့်အလမ်းဖြစ်ကြောင်းနဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖိအားပေးမှုအဖြစ် အသုံးပြုပါက ရလဒ်တွေထွက်လာမယ်လို့ အဲဒီနိုင်ငံတွေက ယူဆကြပေမဲ့ ပဋိပက္ခတွေကိုသာ ဦးတည်စေမှာဖြစ်ကြောင်း” ရုရှားနဲ့ ဘယ်လာရုစ် ခရီးစဉ်မှာ ဘယ်လာရုစ်သမ္မတ ပြောစကားကို ထောက်ခံပြီး ပြန်ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂကနေ စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှု ၉ ကြိမ်ပြုလုပ်ခဲ့ပြီး လူပုဂ္ဂိုလ် ၉၂ ယောက်နဲ့ အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ထားပြီးဖြစ်ပါတယ်။ နယူးဇီလန်အစိုးရက ခရီးသွားလာခွင့် ပိတ်ပင်မှု ၃ ကြိမ်မှာ လူပုဂ္ဂိုလ် ၅၈ ယောက်ကို ခရီးသွားလာခွင့် ပိတ်ပင်ထားပြီးဖြစ်ပါတယ်။

ယူကေရဲ့ အရေးယူဒဏ်ခတ်မှု ၁၉ ကြိမ်ထဲ လူပုဂ္ဂိုလ် ၂၈ ယောက်နဲ့ အဖွဲ့အစည်း ၃၉ ခုကို ဒဏ်ခတ်ထားပြီး ဩစတြေးလျအစိုးရကတော့ အရေးယူဒဏ်ခတ်မှု ၂ ကြိမ် ချမှတ်ခဲ့ပြီး လူပုဂ္ဂိုလ် ၁၆ ယောက်နဲ့ အဖွဲ့အစည်း ၇ ခုတို့ကို ဒဏ်ခတ်ထားပြီးဖြစ်တယ်လို့ DVB data အဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013