DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ပေါ်ဆန်းဆန်ဈေး ကျဆင်း၊ ဝယ်သူနည်းသဖြင့် တောင်သူများ အရှုံးပေါ်
DVB
·
March 11, 2025
ဧရာဝတီတိုင်းတွင် ပေါ်ဆန်းဆန်ဈေး ကျဆင်း၊ ဝယ်သူနည်းသဖြင့် တောင်သူများ အရှုံးပေါ်
Donate to DVB

ဧရာဝတီတတိုင်းလုံးမှာ ပေါ်ဆန်းဆန်ဈေးကျပြီး ဝယ်သူလည်း နည်းပါးခဲ့တာကြောင့် အရှုံးပေါ်ခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။

၂၀၂၄ မိုးစပါးရာသီမှာ စိုက်ပျိုးခဲ့တဲ့ ဧရာဝတီတိုင်းအတွင်းက ပေါ်ဆန်းစပါးတွေ ဈေးကျဆင်းခဲ့လို့ တောင်သူတွေ အရှုံးပေါ်ခဲ့ပြီး စပါးဝယ်သူလည်း နည်းပါးခဲ့ပါတယ်။

ပေါ်ဆန်းစပါးမျိုးကွဲတွေက အသက် ၁၃၅ ရက်ကနေ ၁၇၅ ရက်အတွင်းရှိကြပြီး အထွက်နှုန်းကလည်း အထွက်ကောင်းစပါးတွေလောက် မထွက်တဲ့အတွက် တောင်သူတွေ အရှုံးပေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြောင်းမြမြို့နယ်မှ တောင်သူတယောက်က “ရှုံးတယ်။ ရှုံးတာပေါ့။ ပြောမယ်ဆို ပေါ်ဆန်းဆိုတာ ငကြားလောက် မထွက်ဘူးလေ။ ပေါ်ဆန်းကျ ၅၀ နှုန်းလောက်ထွက်တာ။ ကြွေးရှိတော့ ပေးတဲ့ဈေး ၂၀ ပေးလည်း ရောင်းရမှာပဲ။ ပေါ်ပေါ်ချင်း ရောင်းရမှာပဲ။ တောင်သူရဲ့ ဘဝကတော့ အရှုံးချည်းပဲ။ ဒီနှစ်က ပေါ်ဆန်းစပါးက ဘယ်လိုဖြစ်သွားလဲဆိုတော့ ပေါ်စတုန်းကမှ ဈေးလေးက နည်းနည်းသင့်သေးတယ်။ ၃၀၊ ၃၁၊ ၃၂ လောက် ရောင်းရတယ်။ အဲဒါလည်း ပြီးလည်း ပြီးရော ကျကျသွားတာ ၂၄ ထိတောင် ဖြစ်သွားတယ်။ ရွှေဝါရင်တို့ကျ ၂၁ ပေါ့။ အဲလောက်ထိကျသွားတာ။ ဘယ်လိုဖြစ်လို့ ကျသွားလဲဆိုတာတော့ ကိုယ်လည်းမသိဘူး” လို့ ပြောပါတယ်။

မနှစ်က စပါးတင်း ၁၀၀ ကို ကျပ် ၄၅ သိန်းအထိ ပေါက်ခဲ့တဲ့ ပေါ်ဆန်းစပါးဟာ အခုနှစ်မှာ မြို့နယ်အလိုက် စပါးတင်း ၁၀၀ ကို ကျပ် ၂၄ သိန်းလောက် ကျဆင်းသွားပြီး လယ်တဧကကို တင်း ၆၀ လောက်ပဲ အမြင့်ဆုံးထွက်ခဲ့တာပါ။

တဧကကို တင်း ၁၀၀ ကျော်ထွက်ရှိနေတဲ့ ငစိန်၊ ဧည့်မထ စတဲ့ ဆန်ကြမ်းစပါးအုပ်စုနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ပေါ်ဆန်းဈေးဟာ ဧည့်မထစပါးဈေးအောက် ရောက်ရှိသွားတာလို့ သာပေါင်းမြို့နယ်က ပေါ်ဆန်းစိုက်ပျိုးသူ တောင်သူတယောက်က သုံးသပ်ပါတယ်။

“ပေါ်ဆန်းဈေးကွက်က အောက်ရောက်သွားတယ်။ ကောက်ငယ်ဈေးက တင်း ၁၀၀ ကျော် ထွက်နေတဲ့ ကောက်ငယ်ဈေးက ၁၇ ခွဲလောက် ဝယ်လိုက်တဲ့အခါကျတော့ ကောက်ငယ်ဈေးက ကောက်ကြီးဈေးထက် သာသွားသလိုဖြစ်တယ်။ ဈေးကွက်မှာ အဲဒီလို ဈေးကွက်ပုံမှန်မရှိလို့၊ ဈေးကွက်အာမခံချက်မရှိလို့ ပေါ်ဆန်းဈေး စိုက်ပျိုးထုတ်လုပ်မှုဟာ သူက ပေါ်ဆန်းအထွက်နှုန်း ကောင်းတယ်ဆိုပေမဲ့ ဈေးကွက်မရှိလို့ အားနည်းချက် ဖြစ်သွားတယ်။”

မတ် ၅ ရက်နဲ့ ၆ ရက်က ပုသိမ်မြို့မှာ ရွှေဘိုပေါ်ဆန်း ထပ်ဈေးနိမ့်နေတဲ့ မြစ်ဝကျွန်းပေါ် ပေါ်ဆန်းစပါးတွေ အရည်အသွေးနဲ့ ဈေးကွက်ပြန်လည်ဦးမော့လာဖို့ ပေါ်ဆန်းဖိုရမ်ကို ပုသိမ်မြို့တော်ခန်းမမှာ ကျင်းပခဲ့ကြပြီး ပေါ်ဆန်း ဆန်စပါးပြိုင်ပွဲကိုလည်း ကျင်းပခဲ့ကြပါတယ်။

ဒေးဒရဲမြို့နယ်က ပေါ်ဆန်းစိုက်တောင်သူတယောက်ကတော့ မြန်မာ့ပေါ်ဆန်း တပြည်လုံး အတိုင်းအတာနဲ့ ဖွံ့ဖြိုးဖို့ဆောင်ရွက်တဲ့ ဒီလိုဆွေးနွေးပွဲ ဖိုရမ်တွေကနေ ပေါ်ဆန်းဈေးကွက်ကောင်းအောင် ဖော်ဆောင်ပေးဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

တောင်သူတယောက်က “ကျနော်တို့ တောင်သူ ဈေးကွက်စီးပွားရေးကိုတော့ ဈေးကွက်ဖော်ဆောင်ပေးရင်တော့ ပိုကောင်းတာပေါ့။ သူ့ဈေးနဲ့သူ ပုံမှန်လေးဝယ်ရင် အလုပ်လုပ်လို့ ကောင်းတာပေါ့။ အခုကျတော့ ငွေတွေကအောင်းပြီး ကုန်သည်က မဝယ်ချင့်ဝယ်ချင်နဲ့ ဝယ်တဲ့အခါကျတော့ ဥပမာ ဘယ်လိုဖြစ်လဲဆိုတော့ ဈေးကွက်ကျတဲ့အခါကျတော့ ကုန်သည်က နှိမ်ကောင်းတယ်။ ဈေးကွက်ကြီးကကျနေတာ၊ ခင်ဗျား အားနာလို့ဝယ်ရတာဆိုတော့ ဘယ်လိုဘယ်ချမ်းသာ အဲ့ပုံစံပေါ့။  ပြီးခဲ့တဲ့နှစ်ကလို ဈေးကွက်ကောင်းနေရင်တော့ ကုန်သည်လာဝယ်တဲ့ အခါကျတော့ တွက်ချက်ပြီးရောင်းတယ်။ သူတို့ကလည်း တွက်ချက်ပြီး ဝယ်တာပဲ။ ဒါပေမဲ့လို့ ဈေးအေးတဲ့အခါကျတော့ အထူကြီးလှီးတာပေါ့။ ကျနော်တို့ကို ဈေးသွက်သွက်လေး သွားနေတာမျိုးဆို သိပ်ပြီး အများကြီး မစားဘူးပေါ့ဗျာ။ ခပ်ပါးပါးပဲ စားပြီးတော့ သွက်သွက်ရောင်းတယ်၊ သွက်သွက်သွားတယ် အဲ့လို။ အခုလိုအေးနေတဲ့အခါကျတော့ အကျိုးအမြတ်ကို အများကြီးယူပြီးမှ သူတို့ကဝယ်တာ၊ အဲ့လို ကျနော်တို့ တောင်သူတွေ ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။

ပေါ်ဆန်းစပါးမျိုးကို ၁၉၄၄ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တာဖြစ်လို့ ပြီးခဲ့တဲ့ ၂၀၂၄ မိုးရာသီဟာဆိုရင် ပေါ်ဆန်းစပါးမျိုး စိုက်ပျိုးထုတ်လုပ်ခဲ့တာ နှစ်ပေါင်း ၈၀ ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။

ဧရာဝတီပေါ်ဆန်း တခေတ်ဆန်းရမည်နဲ့ ပေါ်ဆန်းဌာနီ ဧရာဝတီ ဆိုတဲ့ အခမ်းအနားတွေ ကျင်းပချိန်မှာပဲ တိုက်ဆိုင်စွာနဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းစပါးအပြင် ၂၀၁၁ ခုနှစ် ကမ္ဘာ့ဆန်စပါးညီလာခံမှာ မြန်မာ့ပုလဲဆန်ရယ်လို့ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ရရှိခဲ့တဲ့ ပေါ်ဆန်းစပါးဟာ ဈေးအနိမ့်ဆုံးကို ကျဆင်းခဲ့ပြီး ဝယ်သူမရှိ ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013