DVB Logo
Home
မြန်မာသတင်း
အင်းလေးတွင် ရေမှော်ပင်များ ရှားပါးလာသဖြင့် ဂေဟစနစ်ထိခိုက်
DVB
·
March 11, 2025
အင်းလေးတွင် ရေမှော်ပင်များ ရှားပါးလာသဖြင့် ဂေဟစနစ်ထိခိုက်
Donate to DVB

ရှမ်းပြည်နယ်၊ အင်းလေးကန်အတွင်းကို မိုးရေနဲ့အတူ စီးဝင်လာခဲ့တဲ့ နုန်းမြေတွေကြောင့် ရေမှော်ရှားပါးကာ ဂေဟစနစ်ကို ထိခိုက်နိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။

အင်းလေးကန်ရဲ့ အနောက်ဘက် တောင်တန်းပေါ်မှာ ရွှေ့ပြောင်းတောင်ယာစနစ်တွေ တိုးချဲ့လာပြီး သစ်ပင်တွေ ခုတ်တာနဲ့အတူ သစ်တောပြုန်းတီးလာတဲ့အတွက် တောင်ပေါ်မှာရှိတဲ့ နုန်းမြေတွေ ၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက အင်းလေးကန်အတွင်းကို မိုးရေနဲ့အတူ စီးဝင်လာခဲ့တာပါ။

အင်းလေးကန်ရဲ့ စက်တင်ဘာလ ရေကြီးမှုနဲ့အတူ စီးဝင်လာတဲ့ နုန်းမြေတွေက အင်းလေးကန်မှာ ရှိတဲ့ သဘာဝ ရွှံ့မြေတွေပေါ် ဖုံးလွှမ်းသွားပြီး သဘာဝရေမှော်ပင်တွေ သေဆုံးသွားကာ ဂေဟစနစ်ကို ထိခိုက်နိုင်တယ်လို့ Save The Inle Lake အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောပါတယ်။

“စီးဝင်လာတော့ အဲဒီနုန်းမြေတွေက ဒီအင်းလေးကန်မှာရှိတဲ့ သဘာဝ ရွှံ့မြေတွေပေါ်မှာ ဖုံးလွှမ်းသွားတယ်ပေါ့။ ဖုံးလွှမ်းသွားတဲ့အတွက် သဘာဝရေမှော်ပင် သေဆုံးသွားတယ်ပေါ့။ မပေါက်တော့ဘူးပေါ့။ ဒီရေမှော်ပင်တွေ မရှိတော့ဘူးဆိုရင် အင်းလေးကန် အနောက်မြောက်ဘက် တခြမ်းလုံးကတော့ ဂေဟစနစ် လုံးဝ ပျက်စီးသွားတဲ့သဘော ဖြစ်သွားတာပေါ့။”

အင်းလေးကန် အနောက်မြောက်ခြမ်းမှာ ရေမှော်တွေသာ ရှားသွားမယ်ဆိုရင် စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်နိုင်တယ်လို့ အင်းလေးဒေသခံ စိုက်ပျိုးရေးပညာရှင် ဦးအောင်မိုးဟိန်းက ပြောပါတယ်။

“ကျနော်တို့ ဒီအင်းထဲမှာဆိုရင် အဓိကလုပ်ငန်းဖြစ်တဲ့ ရေခြံစိုက်ပျိုးရေးမှာဆိုရင် ရေမှော်တွေကို အသုံးပြုပြီးတော့ စိုက်တယ်ပေါ့နော်။ ဆိုတော့ ရေမှော်သာ အဲ့ဘက်အခြမ်းမှာ ရှားပါးသွားတယ်ဆိုရင် စိုက်ပျိုးရေးလုပ်ငန်းအတွက်လည်း ကုန်ကြမ်းပေါ့နော် သွင်းအားစု အရင်းအမြစ် တော်တော် လျော့ကျသွားနိုင်တယ်။ နောက်တခုက ရေမှော်ပင်က ရေထဲမှာရှိနေတဲ့ ရေနေသတ္တဝါတွေအတွက် အောက်စီဂျင် ထုတ်လွှတ်ပေးတယ်။ အစာကွင်းဆက်လည်း ဖြစ်တယ်ပေါ့။ ဒါကြောင့် ရေမှော်ပင်ကတော့ အင်လေးကန်ထဲမှာ အရေးကြီးတယ်။”

အခုလို အင်းလေးကန်ရဲ့ ဂေဟစနစ် ပျက်စီးစေဖို့ အကြောင်းတရားဖြစ်တဲ့ သဲနုန်းမြေတွေကို စုပ်ထုတ်ပစ်ဖို့ ဆည်မြောင်းဦးစီးဌာနမှာ ရွှံ့စုပ်စက် ရှိနေပေမဲ့ ဘာမှ လုပ်ဆောင်ခြင်းမရှိသလို အစီရင်ခံစာ တက်လာတာလည်း မတွေ့ဘူးလို့ Save The Inle Lake အထွေထွေအတွင်းရေးမှူး  ဦးခင်မောင်လတ်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၄ မှာ ဆည်မြောင်းဦးစီးဌာနကို တရားဝင် လွှဲပြောင်းပေးအပ်လိုက်တယ်ပေါ့နော်။ အဲဒါကို သူတို့ ဘတ်ဂျက် ရေးဆွဲပြီးတော့မှ ဒီအင်းလေးကန်မှာ နုန်းတွေ၊ ရွှံ့တွေကို ဆယ်ယူပါ ဆိုပြီးတော့မှ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကနေတဆင့် ဆည်မြောင်းဦးစီးဌာနကို တရားဝင် လွှဲပြောင်းပေးအပ်လိုက်တယ်ပေါ့နော်။ အဲ့အချိန်မှာ ၉ လပိုင်းလောက်မှာ ရေကြီးခဲ့တယ်ပေါ့နော်။ ဒီ ရွှံ့စုပ်စက်က ရေမြုပ်တဲ့အထဲ ပါသလား၊ မပါဘူးလားဆိုတာ ကျနော်တို့ မသိရဘူး။ ဆည်မြောင်းဦးစီးဌာနကလည်း အစီအရင်ခံစာ တက်လာတာလည်း မတွေ့ဘူးပေါ့နော်။ တကယ်လို့သာ ရေမြုပ်လို့ ဒီစက်ကြီးက မလည်ပတ်ဘဲနဲ့ ပျက်စီးသွားတယ်ဆိုရင်တော့ ဒီဆည်မြောင်းဦးစီးဌာနကို တရားဝင် လွှဲပြောင်းပေးပြီးသား ဖြစ်တဲ့အတွက် သူတို့မှာ တာဝန်ရှိတယ်ပေါ့နော်။”

အင်းလေးကန်ရဲ့ အခုလို အခြေအနေတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်း မပြုဘဲ ဒီအတိုင်း ဆက်ထားပါက နောက်ထပ် နှစ် ၃၀ မှာ လုံးဝ တိမ်ကောသွားမယ့် အနေအထား ရှိနေတာကြောင့် အင်းလေးကန်ဒေသမှာရှိတဲ့ ကျေးရွာတွေရဲ့ နယ်နိမိတ် အကျယ်အဝန်းတွေ၊ အင်းလေးကန်ရဲ့ အနောက်ဘက် တောင်တန်းတွေမှာရှိတဲ့ ရွှေ့ပြောင်း တောင်ယာစနစ်တွေ တိုးချဲ့နေတာတွေကို သစ်တောဦးစီးဌာနကနေ ထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။

၁၉၉၂ ခုနှစ်မှာလည်း အင်းလေးမှာ ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ ကျော်အကြာဖြစ်တဲ့ ၂၀၂၄ ခုနှစ် ရေကြီးမှုကတော့ အရင်ကထက် ရေထု ၄ ပေပိုမြင့်ခဲ့ကာ နုန်းတွေထူထပ်နေတာကြောင့် ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးတွေ ထိခိုက်နိုင်ပြီး မိုးများတဲ့အခါ ရေထုပိုမိုမြင့်တက်လာနိုင်တဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013