DVB Logo
Home
မြန်မာသတင်း
ကမမောင်းဗျူဟာ မကျရေး စစ်ကောင်စီတပ်က အင်အားဖြည့်၊ လေကြောင်း တိုက်ခိုက်
DVB
·
March 11, 2025
ကမမောင်းဗျူဟာ မကျရေး စစ်ကောင်စီတပ်က အင်အားဖြည့်၊ လေကြောင်း တိုက်ခိုက်
Donate to DVB

စစ်ကောင်စီတပ်က ကမမောင်းဗျူဟာမကျရေး အင်အားဖြည့်တင်းထားတဲ့အပြင် ဝေဟင်ကနေ နေ့တိုင်းလိုလို အနီးအနားကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ နယ်မြေ၊ ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင် အတွင်းက စစ်ကောင်စီရဲ့ ကမမောင်းဗျူဟာ မကျရေး လူအင်အားဖြည့်တင်ထားတဲ့အပြင် ကမမောင်းမြို့ အနီးအနားက ကျေးရွာတွေကို လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ 

မတ် ၅ ရက် ညပိုင်းက ဖာပွန်မြို့နယ်၊ ကျောက်ကွင်းရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

တပ်မဟာ ၅  ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက “စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားဖြည့်တင်းလာတာတော့ရှိတယ်။ သူတို့လှုပ်ရှားမှုက ကမမောင်းဝန်းကျင်မှာပဲ ရှိတယ်။ အပေါ်ဘက်ကို တက်ဖို့ရှိပေမယ့် သူတို့ မတက်ဘူး။ ကမမောင်းမြို့ရဲ့ လုံခြုံရေးအနေနဲ့ အခုလက်ရှိက နေနေကြတယ်။ အပေါ်ဘက်ကို တလောတုန်းက တက်လာတယ်။ ဒါပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုးပြီးတော့ ပြန်လန်ကျသွားပြီးတော့မှ အဲဒီမှာပဲ ပြန်နေကြတယ်။ အထူးသဖြင့် လာတာက လေယာဉ်ပျံကတော့ လာလာပြီတော့ ဗုံးကြဲတာက နေ့တိုင်းလိုလိုပဲနော်” လို့ ပြောပါတယ်။

စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကနေ တိုက်ခိုက်နေတာကြောင့် ကမမောင်းဒေသခံတွေနဲ့အတူ စစ်ရှောင်ပြည်သူတွေအပါအဝင် ကတိုင်တိ၊ ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော် စတဲ့အနီးအနားကျေးရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ မြိုင်ကြီးငူ၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီက နေ့တိုင်းလိုလိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် တောတောင်တွေထဲ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေ ရှိနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတယောက်က “အခုထိ တိမ်းရှောင်နေရတယ်။ ကမမောင်းအပြင်မှာ ဗုံးကြဲတယ်။ တိုက်ပွဲဖြစ်တဲ့ အသံမထွက်နဲ့။ ထွက်တာနဲ့ ရောက်လာတယ်။  မနေ့ညကလည်း နို့ထဘက်မှာ လေယာဉ်ပတ်ပြီးတော့ လာကြဲသွားတယ်။ မနေ့ညကဆိုရင် တညလုံး လာတယ်။ လေကြောင်းသွားတဲ့ဘက်က ဒေသခံတွေက စိုးရိမ်စရာရှိတယ်။ တချို့ကျတော့ သွားလာလို့ မတတ်တော့ လျှိုတွေ မြောင်းတွေထဲမှာ နေနေရတယ်။  တောတောင်ထဲမှာပဲ။ ကယ်ထုတ်ပေးမယ်သူလည်း မရှိဘူး။ ကယ်ထုတ်ပြီး ဘယ်သွား ဘယ်လာရမလဲ မသိဘူး”လို့ ပြောပါတယ်။

လက်ရှိမှာလည်း စစ်ဘေးရှောင်ပြည်သူတွေဟာ ရောက်ရာအရပ်က ဒေသခံပြည်သူတွေရဲ့ ပေးကမ်းလှူဒါန်းမှုနဲ့ စားသောက်နေရပါတယ်။

ဒါ့အပြင် အလုပ်အကိုင်ရှားပါးတာ စစ်ကောင်စီရဲ့ မြေပြင်နဲ့ ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အလုပ်အကိုင် ကောင်းမွန်စွာလုပ်ကိုင်ခွင့် မရတဲ့အတွက် မိသားစု နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013