DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုက စစ်ရှောင်စခန်း ၂၀ ကျော် ရိက္ခာပြတ်လပ်လာ
DVB
·
March 11, 2025
ဒီးမော့ဆိုက စစ်ရှောင်စခန်း ၂၀ ကျော် ရိက္ခာပြတ်လပ်လာ
Donate to DVB

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း အခု ၂၀ ကျော်မှာ ရိက္ခာပြတ်လပ်နေပြီး အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းက ဟိုယာအုပ်စု စစ်ဘေးရှောင်စခန်းတွေကို  ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအထိပဲ အလှူရှင်တွေ လာရောက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ဆန်ရိက္ခာပြတ်လပ်လာပြီး စစ်ရှောင်စခန်းတွေမှာ ရိက္ခာကို အကန့်အသတ်နဲ့ပဲ ပေးနိုင်တဲ့  အခြေအနေ ဖြစ်လာနေပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်း စစ်ဘေးရှောင်အမျိုးသမီးတယောက်က “စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာ အရေးပေါ်အတွက် ထုတ်ပေးတာ ရှိတယ်၊ တကယ့်အရေးပေါ်မှ ထုတ်ပေးတာ။ အဲဒီ အရေးပေါ်ကလည်း တချို့လုံးဝကို စားစရာမရှိတဲ့သူမှ၊ တခါတလေ အဲဒီအရေးပေါ်မှာ သွားတောင်းပေမဲ့ မထုတ်ပေးတာတွေလည်း ရှိတယ်။ တလ တခါ ပုံမှန်ရတာလည်း မဟုတ်ဘူးလေနော်။ အဲဒီအတွက်ကြောင့် စခန်းမှာရှိတဲ့သူ တော်တော်များများက ချေးငှားပြီး စားသောက်နေရတယ်” လို့ ပြောပါတယ်။

လက်ရှိ စားနပ်ရိက္ခ ာပြတ်လပ်တာကို ကာကွယ်နိုင်ဖို့ စစ်ရှောင်စခန်းအများစုက ၂၀၂၄ ခုနှစ် နှစ်အစလောက်ကစပြီး တရက်ကို ထမင်း ၂ နပ်ပဲ စားသောက်ကြပါတယ်။ စစ်ဘေးရှောင်ကာလ ကြာမြင့်လာတာနဲ့အတူ စားနပ်ရိက္ခာအတွက် လှူဒါန်းတဲ့ အလှူရှင်လည်း လျော့နည်းလာခဲ့တာပါ။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း ၂၈ ခုနဲ့ အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်း ၂ ခုတို့မှာ အရေးပေါ်ဆန် လိုအပ်တာတွေရှိနေပြီး ရိက္ခာပြတ်လပ်နေတဲ့ စစ်ရှောင်စခန်းတွေက စစ်ရှောင်အရေး ကူညီပေးသူတွေဆီမှာ စာတင်ပြီး ရိက္ခာအကူအညီတောင်းခံကြပါတယ်။

Jobs for Kayah အဖွဲ့ တာဝန်ရှိသူတယောက်က “ကျနော်က သူတို့ လာပြောတဲ့အတိုင်းမဟုတ်ဘဲ မြေပြင်ကို ကွင်းဆင်းတယ်ပေါ့နော်။ ကွင်းဆင်းတဲ့အခါမှာ တကယ်ပဲ ရိက္ခာတွေ ပြတ်တောက်နေကြတာပေါ့နော်။ သူတို့ဆီမှာ အလှူရှင်ဝင်တဲ့ စာရင်းတွေကို ကြည့်တဲ့အခါ စားနပ်ရိက္ခာ အဓိကကူတဲ့အဖွဲ့က တော်တော်လေးကို ပါးသွားတာကို တွေ့ရတယ်။ စခန်းမှာရှိတဲ့ အနေအထားတွေ ရိက္ခာလုံလောက်မှုတွေကို ကြည့်တဲ့အခါမှာလည်း ဆန်တွေ ရိက္ခာတွေ ပြတ်တောက်နေတာကို တွေ့ရတယ်”လို့ ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်းမှာ စစ်ဘေးရှောင်စခန်း ၁၀၀ ကျော်ရှိနေပြီး လူဦးရေ ၁ သိန်းကျော်အထိ နေထိုင်နေကာ လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေ နေထိုင်နေကြပြီး စစ်ရှောင်ကာလ ၃ နှစ်ကနေ ၄ နှစ်အထိ ရှိနေပါတယ်။

နှင်းနှင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013