ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ပိုင်း၊ စံကားအင်းမှာ စက်လှေမောင်းနှက်ခွင့်ကို PNO ပြည့်သူ့စစ်က ပိတ်ပင်လိုက်တာကြောင့် ဒေသခံတွေ ကုန်စည်သယ်ဆောင်ဖို့အတွက် အခက်ခဲဖြစ်နေကြပါတယ်။
ဇန်နဝါရီလကတည်းက စတင်ပိတ်ပင်တာဖြစ်ပြီး စက်လှေအကြီး၊ စက်လှေအသေး စက်ပါတဲ့ လှေအကုန်လုံးကို မောင်နှင်ခွင့်မပြုတော့ဘဲ စက်မပါတဲ့ လှေအသေး တမျိုးသာ မောင်းနှင်ခွင့်ပြုတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“တိုက်ပွဲ စဖြစ်ကတည်းက ပေးမမောင်းဘူး။ စက်လှေပေးမမောင်းတော့ ဆန်တွေ၊ ပစ္စည်းတွေ သယ်ရခက်တယ်။ စက်လှေနဲ့မဟုတ်တော့ အချိန်လည်းကြာတယ်။ အခက်အခဲဖြစ်တာပေါ့။ အရေးအကြောင်းနဲ့ဆိုလည်း လိုရာခရီးမရောက်တော့ဘူး။ မောင်းနှင်ခွင့်ပြုတဲ့ လှေအငယ်လည်း တစီးကို တယောက်ပဲ စီးလို့ရတယ်၊ တယောက်ထက် ပိုစီးခွင့်မပြုဘူး။”
ဖေဖော်ဝါရီ ဒုတိယပတ်ကလည်း စက်လှေမောင်းတဲ့ ကျေးရွာခံလှေတစီးကို သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသခံ နောက်တယောက်က ပြောပါတယ်။
“သူတို့က တကယ်လိုက်ပစ်တာ။ ကံကောင်းလို့ အဲဒီတုန်းက ရွာသားတွေ လွတ်သွားတယ်။ နောက်ပိုင်းတော့ ဘယ်သူမှ မမောင်းရဲတော့ဘူး။ စက်မပါတဲ့ လှေနဲ့ပဲ သွားကြတယ်။ ရေပေါ်နေတာလေ စက်လှေမောင်းလို့မရတော့ ကိုယ့်ခြေထောက်ကို ချိုးခံရထားသလိုပါပဲ။ ဘာမှအဆင်မပြေဘူး။”
စံကားဒေသမှ ကျေးရွာ ၂၀ ကျော်ဟာ ရေလမ်းကိုသာ အဓိက အသုံးပြုနေရပြီး ခုလို စက်လှေမောင်းနှင်ခွင့်မပြုတော့တာကြောင့် ဒေသခံတွေရဲ့ လူမှုရေး၊ စားရေးသောက်ရေး စတာတွေ စိန်ခေါ်မှု ကြီးကြီးမားမားကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
စံကားဒေသမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်တပ်အပါအဝင် PNO ပြည်သူ့စစ်အဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၅၀၀၀ ကျော် ဘေးကင်းရာ တိမ်းရှောင်နေရပါတယ်။