
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ မတ် ၉ ရက်က စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ယောက် သေဆုံးခဲ့ပြီး ဗိုလ်မှူးတယောက်နဲ့ ဗိုလ်ကြီးတယောက် အပါအဝင် ၁၄ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးနယ်မြေရဲစခန်းကနေ တပ်မ ၁၀၁ လက်အောက်က အင်အား ၂၀၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စကစစစ်ကြောင်းကို ကျတွင်းဘိုးရွာအနောက်တောင်ဘက်နားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်းကနေ စစ်ကောင်စီတဖွဲ့ဝင် ၂၅ ယောက် သေဆုံးခဲ့ပြီး ဗိုလ်မှူးဝင်းလှိုင်ဦး နဲ့ ဗိုလ်ကြီး အောင်ကိုကို တို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက် ၄၄ လက်နဲ့ ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်မှုကနေ MA1 သေနတ် ၁၉ လက်၊ MA2 သေနတ် ၂ လက်၊ MA3 သေနတ် ၇ လက်၊ MA5 သေနတ် ၂ လက်၊ MA11 သေနတ် ၇ လက်၊ MA12 သေနတ် ၁ လက်၊ G3 သေနတ် ၂ လက်၊ G4 သေနတ် ၁ လက်၊ ၆၀ မမ ပြောင်းတို ၂ လက်၊ ၈၁ မမ စိန်ပြောင်း ၁ လက်၊ ၅.၅၆ ကျည်အတောင့်ရေ ၁၂၀၀၀ ၊ ၇.၆၂ ကျည် ၁၀၄၅ တောင့်၊ ၉ မမ ကျည် ၁၉ တောင့်၊ ၆၀ မမ ကျည် ၂၈ လုံး၊ ၈၁ မမကျည် ၇ လုံး၊ RPG ကျည်အဖူး ၇ လုံး၊ RPG ပို့ကျည် ၈ တောင့်၊ အီနာဂါဗုံးသီး ၂၁ လုံး၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၁၁ လုံး၊ Laptop ၂ လုံး၊ ဆက်သွယ်ရေးစကားပြောစက် ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက မတ် ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF) မြင်းခြံခရိုင် အမှတ် ၄/၁၀ တပ်ရင်းမှူး စိုးအောင် က “အဲဒီတိုက်ခိုက်မှုကို ကျနော်တို့ မြင်းခြံခရိုင် တပ်ရင်း ၄၊ ၁၀ က ရဲဘော်တွေ၊ နွားထိုးကြီးမြို့နယ် ပကဖ က ရဲဘော်တွေနဲ့ တခြားမဟာမိတ်ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ တိုက်ပွဲအတွင်းမှာ နွားထိုးကြီး ပကဖ က ရဲဘော် ၂ ဦး ကျဆုံးခဲ့ရပါတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ မိတ္ထီလာလေတပ်နဲ့ တံတားဦးလေတပ်တို့ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ်တွေနဲ့လည်း လေကြောင်းပစ်ကူ ၂ ကြိမ် ပြုလုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
ဇန်နဝါရီ ၃၀ ရက် မနက်ကလည်း နွားထိုးကြီးမြို့နယ်မှာ တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဗိုလ်မှူးရန်လင်းအောင်နဲ့ ဗိုလ်ကြီးအောင်ဇော်မင်း အပါအဝင် စစ်သား ၂၂ ယောက် သေဆုံးကာ ၈ ယောက် အရှင်ဖမ်းမိပြီး လက်နက် ၃၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။